အာဆင်နယ်သို့ နယူးကာဆယ်အသင်းခေါင်းဆောင်ဘရူနိုဂွီမာရေးစ် ပြောင်းရန် သေချာသလောက် ရှိလာ
====================

နယူးကာဆယ်အသင်းခေါင်းဆောင်ဘရူနိုဂွီမာရေးစ်မှာ ယခုနွေရာသီတွင် အာဆင်နယ်သို့ ပြောင်းရွှေ့လာမယ်လို့ တဖြည်းဖြည်း ပိုမို ယုံကြည်လာရပါတယ်။
ဘရာဇီးကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်ချန်ပီယံသို့ ပြောင်းရွှေ့လိုကြောင်း နယူးကာဆယ်တာဝန်ရှိသူများကို အသိပေးထားပြီး ဖြစ်ပါတယ်။ အာဆင်နယ်မှာလည်း အသက် ၂၉ နှစ်ရှိ ကစားသမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်မှုမြင့်မားလာနေပါတယ်။
ဂွီမာရေးစ်ဟာ ၂၀၂၂ ခုနှစ်တွင် လိုင်ယွန်မှ ပြောင်းလာပြီးနောက် နယူးကာဆယ်အတွက် ၁၉၅ ပွဲကစားထားရာတွင် ၃၁ ဂိုးသွင်းထားသူဖြစ်ပြီး အာဆင်နယ်ရဲ့ နံပါတ်တစ်ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရသူပါ။
အာဆင်နယ်အနေဖြင့် ဂွီမာရေးစ်အား ခေါ်ယူလိုပါက ယခင်ပယ်ချခံခဲ့ရတဲ့ ကမ်းလှမ်းမှုပေါင်သန်း ၇၀ ထက်ပိုမိုမြှင့်တင် ကမ်းလှမ်းပေးရန် လိုအပ်နေပါတယ်။
ဂွီမာရေးစ်ဟာ ဘရာဇီးနှင့်အတူ ကမ္ဘာဖ့လားကစားပြီးနောက် အားလပ်ရက်အပန်းဖြေနေဆဲ ဖြစ်ပြီး လာမယ့်ရက်တွေမှာ နယူးကာဆယ်နှင့် ပူးပေါင်းလာပါမယ်။
အာဆင်နယ်ဟာ ဂွီမာရေးစ်အား ခေါ်ယူရေး ဒုတိယအကြိမ်မြောက် ကမ်းလှမ်းမှု မပြုလုပ်ရသေးပါဘူး။
ဒါပေမဲ့ အာဆင်နယ်ဟာ ဂွီမာရေးစ်အား ခေါ်ယူရေးအတွက် ပေါင်သန်း ၈၀ အထိ အသုံးပြုလာရနိုင်ခြေ ရှိနေပါတယ်။
ယခု ဂွီမာရေးစ်ရဲ့ အပြောင်းအရှေ့မှာ နယူးကာဆယ်နည်းပြရာထူးမှ အက်ဒီဟောင်း နုတ်ထွက်လာတဲ့ ဆုံးဖြတ်ချက်နှင့် ဆက်စပ်နေခြင်း မရှိပါဘူး။
အာဆင်နယ်ဟာ အစောပိုင်းတုန်းက ဗီလာရဲ့ မော်ဂန်ရော်ဂျာကို ခေါ်ယူရေး ကြိုးပမ်းခဲ့ပေမဲ့လည်း ပေါင်သန်း ၈၀ ထက် ပိုမပေးလိုမှုနှင့်အတူ ချဲလ်ဆီးသို့ ပေါင် ၁၁၇ သန်းဖြင့် လက်လွှတ်ခဲ့ဖူးပြီး ဖြစ်ပါတယ်။
နယူးကာဆယ်ဟာ ဆန်ဒရိုတိုနာလီကို စပါးစ်သို့လည်းကောင်း၊ အန်တိုနီဂေါ်ဒွန်ကို ဘာစီလိုနာသို့လည်းကောင်း ရောင်းချလိုက်ပြီးနောက် နောက်ထပ် အရေးပါတဲ့ ကစားသမားတစ်ဦးကိုလည်း လက်လွှတ်လာရဦးမှာ ဖြစ်ပါတယ်။
အက်ဒီဟောင်းမှာ ကြာသပတေးနေ့တုန်းက နယူးကာဆယ်နည်းပြရာထူးမှ နုတ်ထွက်သွားခဲ့ပြီး နည်းပြသစ်အဖြစ် ဆော်ဒီကလပ် Al-Ahli နည်းပြမားသီးယပ်စ်ဂျိုဆယ်ကို ခန့်အပ်လာဖို့ ရှိနေပါတယ်။

image