အာဆင်နယ်အား နောက်ထပ်တစ်ဆင့် မြှင့်တင်ပေးမယ့် အပြောင်းအရွှေ့များ ပြုလုပ်လာတော့မယ့် အာတီတာ အရိပ်အမြွက်ပြောကြားလာ
=====================

မီခေးလ်အာတီတာက အာဆင်နယ်ကစားသမားများအား လာမယ့် ရာသီသစ်တွင် ကလပ်အား ကွဲပြားတဲ့ရှုထောင့်တစ်ခုဆီသို့ ပို့ဆောင်ကြရေး တိုက်တွန်းလာသလို ယင်းအောင်မြင်မှုက အဆင့်အတန်းသစ်တစ်ခု ဖြစ်လာမှာ ဖြစ်ကြောင်းလည်း သတိပေးလာပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် ဗီနီရှပ်စ်ဂျူနီယာနှင့် ဘရူနိုဂွီမာရေးစ်တို့အား ခေါ်ယူရန် ကြိုးပမ်းနေတာ ဖြစ်ပြီး အာတီတာက ၎င်းတို့ရဲ့ ရည်မှန်းချက်များ ဖြစ်မြောက်လာစေရန်အတွက် တကိုယ်တော်အရည်အသွေးကောင်းမွန်ပြီး တောင့်တင်းတဲ့အသင်းလိုအပ်ကြောင်း ဆိုသွားပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၂၂ နှစ်ကြာ စောင့်ဆိုင်းလာခဲ့တဲ့ ပရီးမီးယားလိဂ်ဖလားအား ရယူနိုင်ခဲ့ပြီး ယင်းအောင်မြင်မှုမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုလမ်းကြောင်းရဲ့ ခြေလှမ်းအစမျှသာရှိကြောင်း အာတီတာက ဆိုလာပါတယ်။
အာတီတာက "ဒါက ခရီးအစပဲ ရှိပါသေးတယ်။ ပြီးတော့ ဒါက အဆင့်အတန်းတစ်ခု ဖြစ်လာရမယ်။ ထူးချွန်တာက ကျုပ်တို့ရဲ့စံနှုန်းဖြစ်ရမယ်၊ ဒါကပဲ အနာဂတ်မှာ ကျွန်တော်တို့ တိုက်စစ်ဆင်လာစေမဲ့ မောင်းနှင်အား ဖြစ်လာရပါမယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ် လုပ်ဆောင်မှု ပြုမူပုံတွေက ပိုမိုဆုံးဖြတ်ချက်ပြတ်သားမှုနဲ ရည်မှန်းချက်ကို ပြသလာပါတယ်။ အခု ကျွန်တော်တို့ ဒီအဆင့်နဲ့ ထိုက်တန်ကြောင်း ပြသရပါမယ်။ ကျွန်တော်တို့ ပိုကောင်းမွန်ပြီး ကလပ်ကို ကွဲပြားတဲ့ ရှုထောင့်ဆီသို့ ပို့ဆောင်ချင်ပါတယ်"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် ကလပ်သို့ စူပါစတားတစ်ဦးအား ခေါ်ဆောင်လာမှုအဖြစ် ရီးရဲလ်မက်ဒရစ်မှ ဗီနီရှပ်စ်ဂျူနီယာအား ခေါ်ယူရေး ကြိုးပမ်းနေပါတယ်။
ဗီနီရှပ်စ်ဂျူနီယာမှာ ရီးရဲလ်မက်ဒရစ်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်တော့သူ ဖြစ်ပြီး စာချုပ်သစ်ချုပ်ဆိုရေး အဆင်မပြေ ဖြစ်နေပါတယ်။
ရီးရဲလ်မက်ဒရစ်အနေဖြင့် ယခုနွေရာသီတွင် ဗီနီရှပ်စ်အား စာချုပ်သစ်မချုပ်ဆိုနိုင်ပါက လာမယ့်နှစ် နွေရာသီတွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆုံးရှုံးလာရတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယခုနွေရာသီတွင် ကလပ်ဘရုဂျက်မှ ဂရိတောင်ပံကစားသမားခရစ္စတော့စ်တီဇိုလစ်အား ပေါင် ၃၄ သန်းဖြင့်လည်းကောင်း၊ ဂိုးသမားအီယန်မီဆလီယာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်လည်းကောင်း ခေါ်ယူအားဖြည့်ထားပါတယ်။

image