လီဂျီအွန်နယ်လာရောဂါပြဿနာကြောင့် ကွင်းပြောင်းရွှေ့ကစားလာမယ့် လာလီဂါကလပ် ဗယ်လီကာနို
====================
လာလီဂါကလပ် ရာယိုဗယ်လီကာနိုဟာ ပရိသတ်များ လီဂျီအွန်နယ်လာရောဂါကူးစက်ခံရနိုင်တဲ့အခြေအနေကြောင့် လာလီဂါရာသီသစ် မစတင်မီသုံးပတ်ခန့်သာလိုတော့တဲ့အချိန်တွင် အိမ်ကွင်းပွဲစဉ်များအား ကွင်းပြောင်းလဲလက်ခံကစားလာတော့မှာဖြစ်ပါတယ်။
ဗယ်လီကာနိုဟာ မက်ဒရစ်ရှိ ဒေသခံအာဏာပိုင်များထံမှ Estadio de Vallecas ကွင်းအား ငှားရမ်း အသုံးပြုနေတာ ဖြစ်ပြီး အာဏာပိုင်များက ကျန်းမာရေးနှင့် လုံခြုံရေးပြဿနာကြောင့် ယင်းကွင်းအား အသုံးပြုခွင့်ပေးရေး ရပ်ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။
ဒေသခံအာဏာပိုင်များက ယင်းကွင်းအတွင်းတွင် လီဂျီအွန်နယ်လာရောဂါကူးစက်ခံရနိုင်ခြေရှိမှု၊ အားကစားကွင်းအတွင်း အမှိုက်များနှင့် အပျက်အစီးများ စုပြုံနေခြင်းကြောင့် မီးလောင်မှုများဖြစ်နိုင်မှု၊ လျှပ်စစ်မီးပြဿနာကြုံရနိုင်မှုတို့ကြောင့် ကွင်းအသုံးပြုခွင့် ပိတ်ပင်လာပါတယ်။
လက်ရှိအချိန်တွင် ဗယ်လီကာနိုရဲ့ အိမ်ကွင်းပွဲစဉ်များကို ဘယ်ကွင်းမှာ လက်ခံကစားမယ်ဆိုတာ မကြေညာသေးပါဘူး။
လီဂျီအွန်နယ်လာရောဂါမှာ လီဂျီအွန်နယ်လာဘက်တီးရီးယားပိုးပါဝင်တဲ့ ရေငွေ့ သို့မဟုတ် ရေစက်မွှားတို့အား ရှူရှိုက်မိမှုကြောင့် ပြင်းထန်အဆုတ်ရောင်ရောဂါမျိုး ဖြစ်ပါတယ်။ ယင်းဘက်တီးရီးယားပိုးမှာ လူအချင်းချင်းမကူးစက်နိုင်ပေမဲ့ ရေကန်များ၊ အဲယားကွန်းစနစ်များနှင့်ရေပူစမ်းများမှ တဆင့် ကူးစက်နိုင်ခြေရှိရာ အသက် ၅၀ နှစ်နှင့်အထက် လူကြီးများ၊ ဆေးလိပ်သောက်သုံးသူများ၊ နာတာရှည်ရောဂါရှိသူများ၊ ကိုယ်ခံအားနည်းသူများအတွက် အလွန်အန္တရာယ်ရှိပါတယ်။
တဖက်တွင် အာဏာပိုင်များဟာ ကွင်းအတွင်းရှိနေတဲ့ အညစ်အကြေးနှင့် အမှိုက်များအား မကြာမီ ရှင်းလင်းမှု ပြုလုပ်လာမှာဖြစ်ပြီး ၂ လမှ ၆ လအထိ အချိန်ယူရနိုင်ကြောင်း ဆိုထားပါတယ်။
ဗယ်လီကာနိုကစားသမားများဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကွင်းမြက်ခင်းအလွန်ဆိုးရွားမှု၊ အဝတ်အစားလဲခန်းအတွင်းတွင် ရေပူပေးစနစ်မရှိမှု၊ သန့်ရှင်းမှုမရှိမှုတို့အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ဖူးကြပါတယ်။
ဒါ့အပြင် ဗယ်လီကာနိုဟာ မှိုပြဿနာကြောင့် ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကိုယ်ပိုင်လေ့ကျင့်ရေးကွင်းကို အသုံးမပြုဘဲ စတင်ခဲ့ရပါတယ်။ ဒါပေမဲ့ ၎င်းတို့ဟာ ယူအီးအက်ဖ်အေကွန်ဖရင့်လိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ကာ ပဲလေ့စ်အား ၁-၀ ဖြင့် ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။