လေ့ကျင့်ခန်းပြန်ဆင်းလာပေမဲ့ မန်စီးတီးရဲ့ ရာသီကြိုခရီးစဉ်တွင် ဂျက်ဂရဲလ်လစ်ရှ် လိုက်ပါခွင့်မရရှိ
=====================

မန်စီးတီးအလယ်တန်းကစားသမားဂျက်ဂရဲလ်လစ်ရှ်ဟာ ပြီးခဲ့တဲ့အပတ်မှ စတင်ကာ ကလပ်ရဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်သို့ လာရောက်ပူးပေါင်းလာခဲ့ပေမဲ့လည်း ၁၁ ရက်ကြာမြင့်မယ့် ဟောင်ကောင်၊ ဆိုးလ်ခရီးစဉ်တွင် ချန်လှပ်ခြင်းခံလာရမှုနှင့်အတူ အီတီဟတ်အနာဂတ်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာ ရှိနေပါတယ်။
ဂျက်ဂရဲလ်လစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဲဗာတန်တွင် အငှားဖြင့် သွားရောက်ကစားစဉ် အရိုးအက်ဒဏ်ရာရရှိခဲ့သူ ဖြစ်ပြီး ဒဏ်ရာမှ အလုံးစုံကောင်းမွန်လာရေး ကြိုးစားနေရသူလည်း ဖြစ်ပါတယ်။
လာမယ့် စက်တင်ဘာလတွင် အသက် ၃၁ နှစ်ပြည့်မယ့် ဂျက်ဂရဲလ်လစ်ရှ်ဟာ မန်စီးတီးနှင့် တစ်ပတ်လုပ်ခ ပေါင် ၃၀၀၀၀၀ တန် ၁၂ လစာချုပ်သာ ကျန်တော့သူ ဖြစ်ပြီး နည်းပြအန်ဇိုမာရက်စ်ကာဘက်က သူ့ကို အသင်းတွင် ဆက်ထိန်းထား/မထား မဆုံးဖြတ်ရသေးပါဘူး။
ဒါ့အပြင် မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ရှက်ဖီးလ်ယူနိုက်တက်တွင် အငှားဖြင့် သွားကစားပြီးနောက် ပြန်ရောက်လာတဲ့ ကွင်းလယ်ကစားသမားကယ်ဗင်ဖီးလစ်ရဲ့အနာဂတ်ကိုလည်း ဆုံးဖြတ်လာရပါတော့မယ်။
အသက် ၃၀ နှစ်ရှိ အင်္ဂလန်ကွင်းလယ်လူဖီးလစ်ဟာ ပြီးခဲ့တဲ့နှစ်ရာသီအတွင်းတွင် မန်စီးတီးအတွက် လိဂ်ဖလားပြိုင်ပွဲတွင် ၇ မိနစ်တည်းသာ ကစားခွင့်ရလာသူလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ယင်းကစားသမား ၂ ဦးလုံးကို စာချုပ်သက်တမ်းတိုးရန် အစီအစဉ်မရှိဘဲ ကမ်းလှမ်းမှုအား တံခါးဖွင့်ပေးထားပါတယ်။

image