ရုရှားလောင်းကစားကုမ္ပဏီနှင့် ဆက်နွယ်နေမှုကြောင့် အီတလီနည်းပြရာထူးအား မရယူမီမှာပင် ဆုံးရှုံးလိုက်ရတဲ့ အင်ဒရေပီယာလို
===================
အင်ဒရေပီယာလိုဟာ ရုရှားလောင်းကစားကုမ္ပဏီတစ်ခုနှင့် ဆက်နွယ်နေမှုကြောင့် ဝေဖန်မှုများ ကြုံရပြီးနောက် အီတလီနည်းပြရာထူးအတွက် လျာထားစာရင်းမှ ဖယ်ရှားခြင်းခံခဲ့ရပါတယ်။
ပီယာလိုဟာ အီတလီနည်းပြရာထူးအား ရယူရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ပေမဲ့လည်း တရားဝင်ခန့်အပ်ခြင်းမခံခဲ့ရသေးပါဘူး။
ဒါပေမဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းတွင် အသက် ၄၇ နှစ်ရှိပီယာလိုမှာ အောက်တိုဘာလကတည်းက ရုရှားလောင်းကစားကုမ္ပဏီ Fonbet ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ် ဆောင်ရွက်လာမှုအတွက် အီတလီနိုင်ငံရေးသမားများရဲ့ ဝေဖန်မှုများ ကြုံလာရပါတယ်။
ယင်းသို့အခြေအနေကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်မှ နည်းစနစ်ဒါရိုက်တာပေါ်လိုမာလ်ဒီနီ၊ အထူးအကြံပေးလီယိုနာဒိုတို့ဟာ အရေးပေါ် အစည်းအဝေး ပြုလုပ်ခဲ့ရကာ နောက်ဆုံး ပီယာလိုအား လျာထားစာရင်းမှ ဖယ်ရှားရန် ဆုံးဖြတ်လာကြပါတယ်။
တဖက်တွင် လွန်ခဲ့တဲ့ ၁၆ ရက်ကမှ အီတလီအသင်းရဲ့နည်းစနစ်ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်လာခဲ့တဲ့ မာလ်ဒီနီနှင့် အကြံပေးလီယိုနာဒိုတို့ဟာ ၎င်းတို့ရဲ့ နံပါတ်တစ်ဦးစားပေး ပီယာလိုအား ခန့်အပ်ရေး ပျက်ပြယ်သွားခဲ့ပြီးနောက် ရာထူးမှ အသီးသီးနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြပြီ ဖြစ်ကြောင်းလည်း သတင်းထွက်နေပါသေးတယ်။
တကယ်လို့များ မာလ်ဒီနီနှင့် လီယိုနာဒိုတို့သာ နုတ်ထွက်လာပါက အီတလီဘောလုံးလောကရဲ့ ကပ်ဆိုးဆိုက်မှုမှာ ပိုမို အခြေအနေ ဆိုးရွားလာတော့မှာလည်း ဖြစ်ပါတယ်။
Fonbet မှာ ယူကရိန်းအား ကျူးကျော်စစ်ဆင်နွဲနေတဲ့ ရုရှားစစ်ပြန်များရဲ့ အားကစားပွဲတော်များအပါအဝင် ရုရှားအားကစားပွဲများကို စပွန်ဆာပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။
ပီယာလိုဟာ ရောမရှိ ရုရှားသံအမတ်မှ တဆင့် Fonbet တွင် တစ်ကမ္ဘာ့လုံးဆိုင်ရာသံတမန်အဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းခြင်းခံခဲ့ရတာပါ။
ပီယာလိုဟာ Fonbet ရဲ့သံတမန်အဖြစ် ဆောင်ရွက်ပြီးနောက် မော်စကိုရှိ Luzhniki Stadium ကွင်းတွင် ပြုလုပ်တဲ့ အမှတ်တရလက်မှတ်ရေးထိုးပွဲသို့ အီတလီကစားဖော်ဟောင်းမာတာရာဇီနှင့်အတူ တက်ရောက်ခဲ့သူလည်း ဖြစ်ပါတယ်။
တဖက်တွင် ပီယာလိုအား လျာထားစာရင်းမှ ပယ်ဖျက်လာမှုနှင့်အတူ အီတလီနည်းပြရာထူးအတွက် အန်တိုနီယိုကွန်တီက ရေပန်းအစားဆုံး ဖြစ်လာပါတယ်။