ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရန် အိုင်ဗရီကို့စ်စတားဒေယိုမန်ဒီ သဘောတူညီမှုရရှိလာ
====================
ရက်ဘူးလ်လိုက်ဇစ်တောင်ပံကစားသမားယန်ဒေယိုမန်ဒီဟာ ပီအက်စ်ဂျီဘက်က ခေါ်ယူရန် စိတ်ဝင်စားမှု နောက်ဆုတ်သွားပြီးနောက် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရေးပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အသက် ၁၉ နှစ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင်ဟာ လီဗာပူးရဲ့ နံပါတ်တစ်ပစ်မှတ်ဖြစ်ခဲ့သူ ဖြစ်ပြီး ဇွန်လတုန်းက ပေါင် ၆၉ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။
ယင်းနောက် လီဗာပူးက အခြားပစ်မှတ်များအား ခေါ်ယူရေး ကြိုးပမ်းလာသလို ယခုအခါ ပီအက်စ်ဂျီကလည်း ခေါ်ယူရေး အပြိုင်ကြိုးပမ်းမှုမှ နောက်ဆုတ်လာပါတယ်။
ပီအက်စ်ဂျီဟာ ဆယ်ကျော်သက်ကစားသမားအတွက် နောက်ဆုံးကမ်းလှမ်းမှုအဖြစ် ပေါင် ၁၀၂.၅ သန်းဖြင့် ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံရပြီးနောက် နောက်ဆုတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ယခုအခါ ဒေယိုမန်ဒီနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိထားပြီ ဖြစ်ပါတယ်။ ဒေယိုမန်ဒီဟာ ဂျူ့ဘယ်လင်ဂမ်ကဲ့သို့ပင် ခြေစွမ်းအပေါ် မူတည်ပြီး တစ်နှစ်ပြီးတစ်နှစ် တိုးမြှင့်ခံစားခွင့် ရရှိလာမယ့်အချက်ပါ စာချုပ်ချုပ်ဆိုလာမယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လီဂါနက်စ်မှ ၅ နှစ်စာချုပ်ဖြင့် ပြောင်းလာတဲ့ ဒေယိုမန်ဒီအတွက် လိုက်ဇစ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်းတစ်ရာကျော်ပေးလာရဖို့ ရှိနေပါတယ်။
ဒေယိုမန်ဒီဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘွန်ဒက်စ်လီဂါတွင် ၁၂ ဂိုးသွင်းကာ ၈ ကြိမ်ဖန်တီးပြီးနောက် ဘွန်ဒက်စ်လီဂါရဲ့တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။