ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာတာကြောင့် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေ ဒုတိယမြောက် ညအဖြစ် ထပ်ရပ်နားထား
စစ်ပွဲကြီးတစ်ခုလုံး ပြန်ဖြစ်မလာစေဖို့ သံတမန်ရေးအရ ဆွေးနွေးမှုတွေ ဆက်လုပ်နေချိန်မှာပဲ၊ ထိပ်ပိုင်းစစ်ရေးခေါင်းဆောင်တွေက ဒေါ်နယ်တရမ့်ကို ဗုံးကြဲတိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ အကြံပေးခဲ့ကြတဲ့အတွက် အမေရိကန်က အီရန်ကို တိုက်ခိုက်နေတာတွေကို ဒုတိယမြောက် ညအဖြစ် ထပ်ပြီး ရပ်နားထားပါတယ်။
တရမ့် အစိုးရအဖွဲ့ထဲက အရာရှိကြီးတွေကလည်း ဒေသတွင်းမှာ ရေရှည်စစ်ဆင်ရေးလုပ်ဖို့ အဟန့်အတားဖြစ်စေနိုင်တဲ့ ခဲယမ်းမီးကျောက် လက်ကျန်တွေ လျော့နည်းလာနေတဲ့အကြောင်း သမ္မတကို တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
သောကြာနေ့က အိမ်ဖြူတော် အိုဗယ်လ်(Oval) ရုံးခန်း အစည်းအဝေးမှာ အမေရိကန် ဒုတိယသမ္မတ ဂျေဒီ ဗန့်စ် နဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဒန်ကိန်း တို့က အီရန်ကို စစ်ရေးအရ ထပ်မံတိုက်ခိုက်မယ်ဆိုရင် ကြုံလာရနိုင်တဲ့ အန္တရာယ်တွေကို တရမ့်ကို သတိပေးခဲ့ကြပါတယ်။ အဲဒီနောက်မှာ သမ္မတက စစ်တပ်ကို တိုက်ခိုက်မှုအသစ်တွေ ရပ်ထားဖို့ အမိန့်ပေးခဲ့တာပါ။ အစောပိုင်းတုန်းကတော့ သူတို့(အီရန်)ဆီမှာ ရှိတာမှန်သမျှကို "အကုန်ဖျက်ဆီးပစ်နိုင်တယ်" လို့ တရမ့်က သတိပေးခဲ့ဖူးပါတယ်။
တနင်္ဂနွေနေ့မှာတော့ အီရန်ဘက်ကလည်း ဒေသတွင်းက အမေရိကန် မဟာမိတ်တွေကို "လက်စားချေ" တိုက်ခိုက်မှုတွေ ရပ်ဆိုင်းထားမယ်လို့ ပြောလာပါတယ်။ အီရန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အက်ခရာမီနီယာက "အမေရိကန်တွေက လွန်ခဲ့တဲ့ နှစ်ညအထိ ဆက်တိုက်ခိုက်နေခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်ညမှာတော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ရပ်လိုက်ပါပြီ၊ ကျနော်တို့ရဲ့ မဟာဗျူဟာကလည်း အဓိကအားဖြင့် လက်စားချေဖို့သက်သက်ပဲဖြစ်လို့ ကျနော်တို့ဘက်ကလည်း လက်စားချေ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းထားလိုက်ပါပြီ" လို့ ပြောပါတယ်။
တနင်္ဂနွေနေ့က Axios သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒေသတွင်း အမေရိကန်စစ်တပ်ရဲ့ ထိပ်ပိုင်းတပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး ဘရက်ဒလေ ကူးပါးက အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ အထိရောက်ဆုံးဖြစ်နိုင်တဲ့ အတိုင်းအတာတစ်ခုအထိ ရောက်သွားပြီလို့ တရမ့်ကို ပြောခဲ့တယ်လို့ သိရပါတယ်။
ဒီလိုတင်ပြချက်ကပဲ သီတင်းနှစ်ပတ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အီရန်ကို တိုက်ခိုက်နေတာတွေ ရပ်ထားဖို့ တရမ့်ရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိခဲ့တာပါ။ အမေရိကန်အနေနဲ့ အီရန်မှာ တိုက်ခိုက်ဖို့ သတ်မှတ်ထားတဲ့ ပစ်မှတ်စာရင်းတွေ ကုန်သလောက်ဖြစ်နေပြီဖြစ်လို့ အကြီးစား စစ်ဆင်ရေးကြီးတွေ ထပ်မလုပ်ဘဲနဲ့ ဗုံးဆက်ကြဲနေတာက သိပ်အဓိပ္ပာယ်မရှိဘူးလို့ ကူးပါးက တရမ့်ကို ပြောခဲ့ကြောင်း အဲဒီသတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
တနင်္ဂနွေနေ့က NBC ရဲ့ Meet the Press အစီအစဉ်မှာ အီရန်ကို ထပ်တိုက်ဖို့ မရှိတော့ဘူးလားလို့ မေးမြန်းရာမှာတော့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဝေါ့ဇ် က "အဲဒီလောက်ကြီးအထိတော့ ကျနော် မပြောလိုပါဘူး။ သမ္မတကြီးကတော့ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်း အားလုံးကို ချန်ထားဆဲပါပဲ" လို့ ဖြေကြားခဲ့ပါတယ်။
သောကြာနေ့ညနေပိုင်းက စတင်ခဲ့တဲ့ ဒီတိုက်ပွဲတွေ ရပ်တန့်သွားမှုဟာ သီတင်းနှစ်ပတ်နီးပါးကြာ အီရန်ကို တိုက်ခိုက်မှုတွေနဲ့ တရမ့် ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက်မှာ ပေါ်ပေါက်လာတာပါ။ အမေရိကန်ကတော့ ဒေသတွင်းက အမေရိကန်တပ်ဖွဲ့တွေနဲ့ မဟာမိတ်တွေကို တိုက်ခိုက်တာ၊ ပြီးတော့ ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားလာနေတဲ့ ဟော်မုဇ် ရေလက်ကြားကို ပိတ်ဆို့တာတွေဟာ အီရန်ကြောင့်လို့ အပြစ်တင်ထားပါတယ်။