အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် အဖိုးတန်သမိုင်းမှတ်တမ်းများ မပျောက်ပျက်စေရေး
ဒစ်ဂျစ်တယ်စနစ်ဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံ၏အဖိုးတန်သမိုင်းမှတ်တမ်းများဖြစ်သည့် စာအုပ်၊ စာစောင်နှင့် သတင်းစာများ မပျောက်ပျက်စေရေး စနစ်တကျထိန်းသိမ်း၍ နောင်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြသည်။
နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းရှိ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)သို့ ရောက်ရှိရာ စာကြည့်တိုက်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် စာကြည့်တိုက်ညီလာခံခန်းမ၌ တာဝန်ရှိသူတစ်ဦးက အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၏ သမိုင်းအကျဉ်း၊ ဒစ်ဂျစ်တယ်စာကြည့်တိုက်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ စာဖတ်ခန်းနှင့် စာအုပ်ငှားရမ်းဝန်ဆောင်မှုများ၊ ကလေးစာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုနှင့် ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာနိုင်ရေး ဆောင်ရွက်ပေးထားမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့ပြင် စာကြည့်တိုက်စီမံခန့်ခွဲမှုပညာ ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု၊ စာကြည့်တိုက်ပညာပြန့်ပွားရေးလုပ်ငန်းများ၊ စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ နိုင်ငံတကာစာကြည့်တိုက်များနှင့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်းဆောင်ရွက်နေမှုတို့ကိုလည်း ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက စာကြည့်တိုက်ပညာပြန့်ပွားရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းပြင်ပပညာရေးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ ကျေးလက်ဒေသများအပါအဝင် အမြို့မြို့အနယ်နယ်၌ စာကြည့်တိုက်များ တည်ဆောက်ပေးကာ စာအုပ်စာပေများ ဖြည့်ဆည်းပေးလျက်ရှိကြောင်း ပြောကြားသည်။
မိမိတို့နိုင်ငံ၌ စာအုပ်စာပေဖတ်ရှုသူ အချိုးအစား နည်းပါးနေဆဲဖြစ်သဖြင့် လူငယ်လူရွယ်များနှင့် အသိပညာဗဟုသုတ ရှာမှီးလိုသူများ စာကြည့်တိုက်များသို့ လာရောက်ဖတ်ရှုလေ့လာနိုင်ရေးနှင့် စာဖတ်သည့်အလေ့အထ ထွန်းကားလာရေးအတွက် စည်းရုံးပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက မှာကြားသည်။