ဗီလာရဲ့အလွတ်တည်ကန်ဘောဂုရု မက်ဖီးအား ခေါ်ယူရေး ချဲလ်ဆီး ကြိုးပမ်းနေ
=====================
ချဲလ်ဆီးဟာ ထိပ်တန်းအဆင့်အလွတ်တည်ကန်ဘောနည်းပြအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဗီလာမှ အလွတ်တည်ကန်ဘောနည်းပြအော်စတင်မက်ဖီးကို ခန့်အပ်နိုင်ရေး ဆွေးနွေးနေပါတယ်။
ဒါပေမဲ့ မက်ဖီးကို အခြားပရီးမီးယားလိဂ်ကလပ်များအပြင် ဆော်ဒီကလပ်များကလည်း ခန့်အပ်လိုနေမှုနှင့်အတူ ချဲလ်ဆီးမှာ ခန့်အပ်နိုင်ရေး ပြင်းထန်တဲ့ ယှဉ်ပြိုင်မှု ကြုံနေရပါတယ်။
အသက် ၄၆ နှစ်ရှိ စကော့တလန်လူမျိုး မက်ဖီးဟာ ဗီလာအသင်းတွင်သာမက ပေါ်တူဂီအသင်းတွင်လည်း အလွတ်တည်ကန်ဘောနည်းပြအဖြစ် ပူးတွဲ တာဝန်ထမ်းဆောင်လာသူ ဖြစ်ပါတယ်။
မိုက်ဖီးရဲ့ နောက်ကွယ်မှ အကူအညီကြောင့် ဗီလာဟာ ၂၀၂၃-၂၄ ရာသီတုန်းက ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် အလွတ်တည်ကန်ဘောမှ ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့နည်းပြအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
၎င်းတို့ဟာ နောက်တစ်ရာသီတွင် ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုရဲ့ အလွတ်တည်ကန်ဘောအကောင်းဆုံး ၅ သင်းစာရင်းတွင် ရပ်တည်ခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်နှင့်အတူ အလွတ်တည်ကန်ဘော အကောင်းဆုံးအသင်းအဖြစ် ပူးတွဲရပ်တည်နိုင်ခဲ့ပါတယ်။
မက်ဖီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအား ယူရိုပါလိဂ်ဖလား ရရှိအောင် နောက်ကွယ်မှ ကူညီပေးပြီးနောက် ယခုနွေရာသီတွင် အူနိုင်းအမ်မရီရဲ့ နည်းပြအဖွဲ့မှ ထွက်ခွာလာမယ့်သူလည်း ဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြသစ်ဇာဘီအလွန်ဆိုဟာ ၂၀၂၄ ခုနှစ်ကတည်းက ဘရန့်ဖို့ဒ်မှ ပြောင်းရွှေ့ကြေး ပေါင် ၇၅၀၀၀၀ ဖြင့် ရောက်လာပြီးနောက် အလွတ်တည်ကန်ဘောနည်းပြအဖြစ် ဆောင်ရွက်လာတဲ့ ဘာနာဒိုကူဗာကို Chief analyst အဖြစ် ပြောင်းလဲ ခန့်အပ်လိုက်လာချိန်တွင် အလွတ်တည်ကန်ဘောနည်းပြရာထူးမှ လစ်လပ်နေပါတယ်။