ဖီဖာဥက္ကဌအင်ဖန်တီနိုအား တိုင်ကြားလာမှုများအပေါ် နိုင်ငံတကာအိုလံပစ်အဖွဲ့ချုပ် စုံစမ်းစစ်ဆေးသွားမည်မဟုတ်
====================
နိုင်ငံတကာအိုလံပစ်ကော်မတီက ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုနှင့်ပတ်သက်ပြီး တိုင်ကြားလာမှုများအပေါ် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်မဟုတ်ကြောင်း ကြေညာလာပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားရေးအဖွဲ့ FairSquare က အင်ဖန်တီနိုမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဆုံးဖြတ်ချက်များအား ဝင်ရောက်စွက်ဖက်မှုနှင့်ပတ်သက်ပြီး ကြေညာချက်များ (သို့မဟုတ်) အခြားရှင်းလင်းချက်များ ပြုလုပ်ခြင်း မပြုလုပ်ဘဲ နိုင်ငံရေးနှင့်ပတ်သက်ပြီး ကြားနေမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ပျက်ကွက်တယ်ဆိုပြီး နိုင်ငံတကာအိုလံပစ်ကော်မတီထံ တိုင်ကြားမှု ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်တိုက်စစ်မှူးဖိုလာရန်ဘာလိုဂန်အား အနီကတ်အတွက် အလိုအလျှောက် ၁ ပွဲပယ်ပြစ်ဒဏ်မကျခံစေရေးအတွက် အင်ဖန်တီနိုထံ ဖုန်းဆက်ကာ ပြန်လည်သုံးသပ်ပေးရေး ပြောဆိုခဲ့ကြောင်း ဝန်ခံထားပါတယ်။
အမေရိကန်တိုက်စစ်မှူးဟာ ဘော့စနီးယားအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ အနီကတ်ကြောင့် ဘယ်ဂျီယံနှင့် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို လွဲချော်လာမှာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ဒေါ်နယ်ထရမ့် ကြားဝင် စွက်ဖက် လုပ်ဆောင်လာမှုနှင့်အတူ ဖီဖာက ဘာလိုဂန်ရဲ့ ၁ ပွဲပယ်ပြစ်ဒဏ်အား ၁၂ လဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခဲ့ပါတယ်။
ယင်းသို့ ချမှတ်လာမှုနှင့်အတူ ဘာလိုဂန်ဟာ ဘယ်ဂျီယံအား ၄-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင် ပါဝင်ကစားနိုင်ခဲ့ပါတယ်။
အင်ဖန်တီနိုဟာ ၂၀၂၀ ခုနှစ်ကတည်းက နိုင်ငံတကာအိုလံပစ်ကော်မတီတွင် အဖွဲ့ဝင်အဖြစ် ဆောင်ရွက်လာသူ ဖြစ်ပါတယ်။
အိုလံပစ်ကော်မတီစည်းမျဉ်းအရ အဖွဲ့ဝင်များမှာ အာဏာပိုင်းများ သို့မဟုတ် အဖွဲ့အစည်းများ ကြားခံအဖွဲ့အစည်းများ အမိန့် သို့မဟုတ် ညွှန်ကြားချက်များကို မလိုက်နာဘဲ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် မဲပေးပိုင်ခွင့် ရှိရမယ်ဆိုပြီးတော့ ပါဝင်ပါတယ်။
ဒါပေမဲ့ ယခုအခါ နိုင်ငံတကာအိုလံပစ်ကော်မတီက အင်ဖန်တီုနိအပေါ် တိုင်ကြားမှုမှာ စည်းကမ်းထိန်းသိမ်းရေးကော်မတီရဲ့ တရားစီရင်ပိုင်ခွင့် ပြင်ပတွင် ရှိနေကြောင်း ကြေညာလာပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီဟာ နော်ဝေဘောလုံးအဖွဲ့ချုပ်က အင်ဖန်တီနိုရဲ့ ဘာလိုဂန်ပွဲပယ်ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီထံ တိုင်ကြားရေး စဉ်းစားနေကြောင်း ဘီဘီစီသို့ ပြောကြားလာပြီး တစ်ရက်အကြာတွင် ယခုကဲ့သို့ အရေးယူနိုင်ခြင်း မရှိကြောင်း ကြေညာလာတာပါ၊
နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ အင်ဖန်တီနိုက ဒေါ်နယ်ထရမ့်အား ချီးမြှင့်လိုမှုအတွက် ဖီဖာရဲ့ ပထမဆုံး ငြိမ်းချမ်းရေးဆုအား ဖန်တီး ချီးမြှင့်မှုအတွက်လည်း ဖီဖာထံ တိုင်ကြားခဲ့ဖူးပါတယ်။