ဆီနီဂေါရဲ့ ၂၀၂၅ အာဖရိကဖလားချန်ပီယံဘွဲ့ ရုတ်သိမ်းခံရမှုအယူခံအား ကြားနာမယ့်ရက်ကို အားကစားသမာဓိခုံရုံး သတ်မှတ်လာ
====================
အားကစားသမာဓိခုံရုံးဟာ ဆီနီဂေါရဲ့ ၂၀၂၅ အာဖရိကဖလားချန်ပီယံဘွဲ့ရုတ်သိမ်းခံရမှု အယူခံအား ကြားနာစစ်ဆေးမယ့် ရက်အား သတ်မှတ်လာပြီ ဖြစ်ပါတယ်။
ဆီနီဂေါဟာ ဇန်နဝါရီလတုန်းက အာဖရိကဖလားဗိုလ်လုပွဲတွင် အိမ်ရှင်မော်ရိုကိုအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိကာ အာဖရိကဖလားချန်ပီယံ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ယင်းပွဲစဉ်ရဲ့ နာကျင်အချိန်ပိုတွင် မော်ရိုကိုဘက်သို့ ပင်နယ်တီပေးလာချိန်တွင် ဆီနီဂေါကစားသမားများက လက်မခံဘဲ ကွင်းအတွင်းမှ ထွက်ခွာသွားခဲ့ကြပါတယ်။
ယင်းဖြစ်ရပ်ကြောင့် ပွဲကို ၁၇ မိနစ်ခန့် ရပ်ဆိုင်းခဲ့ရပြီး ကစားသမားများ ကွင်းအတွင်း ပြန်လည်ဝင်ရောက်လာချိန် ပွဲပြန်စတင်ခဲ့ရာမှာ ဘရာဟမ်ဒီယာ့ဇ်က ပင်နယ်တီကန်ခဲ့ပေမဲ့ ကာကွယ်ခြင်းခံခဲ့ရပါတယ်။ ယင်းနောက် ဆီနီဂေါဟာ အချိန်ပိုတွင် ပါပီဂူယီသွင်းယူတဲ့ဂိုးဖြင့် ၁-၀ ဖြင့် အနိုင်ရကာ အာဖရိကဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ ယင်းကို မော်ရိုကိုက မကျေမနပ် ဖြစ်ပြီး ဆီနီဂေါကစားသမားတို့ ကွင်းအတွင်းမှ ထွက်ခွာသွားမှုနှင့်ပတ်သက်ပြီး အာဖရိကဘောလုံးအဖွဲ့ချုပ်ထံ တိုင်ကြားခဲ့ပါတယ်။
အာဖရိကဘောလုံးအဖွဲ့ချုပ်က ယင်းအဖြစ်အပျက်အား စုံစမ်းစစ်ဆေးပြီးနောက် မော်ရိုကိုဘက်သို့ ၃-၀ ဂိုးဖြင့် အနိုင်ပေးလာပါတယ်။
ဆီနီဂေါဟာ အာဖရိကဘောလုံးအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ်ဖြစ်ကာ မတ်လ ၂၅ ရက်နေ့တုန်းက အားကစားသမာဓိခုံရုံးတွင် အယူခံဝင်ခဲ့ပါတယ်။
ယခုအခါ အားကစားသမာဓိခုံရုံးက အောက်တိုဘာလ ၈ ရက်နေ့တွင် ဆီနီဂေါရဲ့ အယူခံအား ကြားနာစစ်ဆေးမယ်လို့ ကြေညာလာပါတယ်။
ဆီနီဂေါနှင့် မော်ရိုကိုဘောလုံးအဖွဲ့ချုပ်တို့က စစ်ဆေးကြားနာမှုအား အများပြည်သူရှေ့မှောက်တွင် မပြုလုပ်ရန် တောင်းဆိုထားမှုနှင့်အတူ အားကစားသမာဓိခုံရုံးဟာ စစ်ဆေးကြားနာမှုအား ဆွစ်ဇာလန်နိုင်ငံ၊ လူဆန်နီရှိ ရုံးချုပ်တွင် တံခါးပိတ်စစ်ဆေးကြားနာလာပါမယ်။
တဖက်တွင် အားကစားသမာဓိခုံရုံးဟာ ယနေ့တွင် ဆုံးဖြတ်ချလာမလားဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ ယင်းနေ့မှာ ဆီနီဂေါအယူခံကို စစ်ဆေးကြားနာမှုပြုလုပ်လာမှာ သေချာနေပြီ ဖြစ်ပါတယ်။