တနင်္လာနေ့တွင် ခွဲစိတ်ကုသမှု ပြုလုပ်ရမယ့် ရိုဒရီမှာ အားလပ်ရက်အပန်းဖြေပြီးလျှင် မန်စီးတီးနှင့် ပြန်လည်ပူးပေါင်းလာမည်ဟု မာရက်စ်ကာ ပြောကြားလာ
======================

ကမ္ဘာ့ဖလားချန်ပီယံရိုဒရီဟာ တနင်္လာနေ့တွင် ကျောဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်လာမည်ဖြစ်ကြောင်း မန်စီးတီးနည်းပြအန်ဇိုမာရက်စ်ကာက အတည်ပြုလာပါတယ်။
အသက် ၃၀ နှစ်ရှိ စပိန်အသင်းခေါင်းဆောင်ဟာ ပြီးခဲ့တဲ့လတုန်းက စပိန်ကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကွင်းလယ်ကစားသမားဟာ ၂၀၂၄-၂၅ ရာသီတုန်းက ဒူးအရွတ်ဒဏ်ရာရရှိခဲ့သလို ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဒဏ်ရာပြဿနာကြောင့် ရုန်းကန်ခဲ့ရကာ ပြီးခဲ့တဲ့နှစ်ရာသီအတွင်း ကြံ့ခိုင်မှုပြဿနာကြုံလာခဲ့ရပါတယ်။
Ballon d'Or ဆုရှင်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အကောင်းဆုံးပုံစံ ပြန်လည် ရရှိခဲ့ပါတယ်။
မန်စီးတီးနည်းပြသစ်အန်ဇိုမာရက်စ်ကာက "အခု တနင်္လာနေ့မှာ ခွဲစိတ်ကုသရမယ်။ အဲဒါပြီးရင် အပန်းဖြေဦးမယ်။ အနားယူဖို့ လိုတယ်။ ပြီးရင် ကျွန်တော်တို့ဆီ သူပြန်လာမယ်"လို့ ပြောကြားသွားပါတယ်။
အန်ဇိုမာရက်စ်ကာဟာ ဘယ်ကာလတွင် ရိုဒရီ ပြန်လာမလဲဆိုတာအတည်ပြု ပြောကြားသွားခဲ့ခြင်း မရှိပါဘူး။ စပိန်ကွင်းလယ်ကစားသမားဟာ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းခံနေရမှုနှင့်အတူ အီတီဟတ်တွင် အနာဂတ်မရေမရာ ဖြစ်နေသူလည်း ဖြစ်ပါတယ်။
မာရက်စ်ကာက "နာမည်ကြီးကစားသမားတွေရဲ့ ပတ်ပတ်လည်မှာ ကောလာဟလသတင်းတွေက အမြဲရှိပါတယ်။ ဒီအတွက် ဘာမှ မစိုးရိမ်ပါဘူး။ ဒါက ပုံမှန်ပါ။ သူတို့(စပိန်) ကမ္ဘာ့ဖလားရခဲ့တယ်။ သူက အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တယ်။ ရိုဒရီက ထိပ်တန်းကစားသမားဆိုတော့ မန်နေဂျာတိုင်းက လိုချင်ကြမှာပဲလေ"လို့ ပြောကြားသွားပါတယ်။
ယခုကဲ့သို့ အန်ဇိုမာရက်စ်ကာက ရိုဒရီမှာ အီတီဟတ်တွင် ဆက်ရှိနေမယ်လို့ ပြောကြားလာမှုနှင့်အတူ ယူနိုက်တက်ရဲ့ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားချူအာမီနီကို ခေါ်ယူရေး ကြိုးပမ်းမှုအပေါ်တွင်လည်း ရိုက်ခတ်လာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ရိုဒရီအား ခေါ်ယူနိုင်မှသာလျှင် ချူအာမီနီအား ယူနိုက်တက်ထံ ရောင်းချရန် စီစဉ်ထားတာပါ။

image