ရာသီဥတုအလွန်ဆိုးရွားမှုကြောင့် ကစားသမားများ ကွင်းထဲမှ ထွက်ပြေးခဲ့ရကာ ကွန်ဖရင့်လိဂ်ပွဲ ရပ်ဆိုင်းခဲ့ရ
======================

အလူမီနီနှင့် ဒီနာမိုစီးတီးတို့ရဲ့ ဆလိုဗေးနီးယားတွင် ကစားတဲ့ ကွန်ဖရင့်လိဂ်ခြေစစ်ပွဲတစ်ပွဲတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုးမုန်တိုင်းတိုက်ခတ်မှုကြောင့် ပွဲကို ရပ်ဆိုင်းခဲ့ရပါတယ်။
Ljudski Vrt တွင် ကစားတဲ့ ခြေစစ်ပွဲ ဒုတိယအဆင့် ပထမအကျော့ပွဲစဉ်တွင် ကွင်းဝန်းကျင်တွင် အန္တရာယ်များတဲ့ ရာသီဥတု ကြုံတွေ့လာရမှုနှင့်အတူ ပွဲချိန် ၅၅ မိနစ်တွင် ပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။
ကွင်းဧရိယာအတွင်းတွင် မိုးကြိုးပစ်ခတ်မှု ဖြစ်လာပြီးနောက် နှစ်သင်းလုံးမှ ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များနှင့် ဒိုင်များဟာ အဝတ်အစားလဲခန်းအတွင်းသို့ ပြေးဝင်ခဲ့ရပါတယ်။
ပွဲအား ရပ်ဆိုင်းလိုက်ချိန်တွင် ဧည့်သည်အသင်းက ၁-၀ ဂိုးဖြင့် ဦးဆောင်နေတာ ဖြစ်ပြီး ပွဲကို ပြန်လည်စတင်ရေး လုံခြုံရေးအနေအထားရောက်တဲ့အထိ စောင့်ဆိုင်းခဲ့ရပါတယ်။
ကွင်းအတွင်းရှိ ပရိသတ်များမှာလည်း ရာသီဥရတု စိတ်ချရတဲ့အနေအထားရောက်တဲ့အထိ စောင့်ဆိုင်းခဲ့ရပါတယ်။
ကံဆိုးစွာပင် ပွဲကို မိနစ် ၂၀ ဝန်းကျင်အထိ ရပ်ဆိုင်းခဲ့ရပြီးမှ ပြန်လည် စတင်နိုင်ခဲ့ပါတယ်။
ယင်းပွဲစဉ်တွင် ဧည့်သည် ဒီနမိုစီးတီးဟာ အလူမီနီနောက်ခံလူဒီနိုဆီမြူနစ်ရဲ့ ဂိုးသမားထံ ပြန်ပေးတဲ့ ဘောလုံးအား ဘီရီရှာက ကြားဖြတ်လုယူကာ ဂိုးသမားကို ကျော်ဖြတ်ပြီး အကာအကွယ်မဲ့နေတဲ့ ဂိုးပေါက်သို့ ကန်သွင်းတဲ့ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယခုပွဲမတိုင်မီ မိနစ် ၅၀၀ ကျော် ဂိုးပေါက်ပျောက်နေခဲ့တဲ့ အိမ်ရှင်အလူမီနီဟာ နောက်ကျချေပဂိုး ပြန်လည်ရှာတွေ့ခဲ့ပြီး ပွဲမှာ ၁ ဂိုးစီသရေဖြင့် ပြီးဆုံးသွားပါတယ်။
၎င်းတို့ဟာ ဒုတိယအကျော့ပွဲစဉ်အဖြစ် တီရာနာတွင် ထပ်မံ ကစားရပါဦးမယ်။

image