NCA ပြင်ပ လမ်းကြောင်းများမှတစ်ဆင့်လည်း ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဟု NSPNC ဥက္ကဋ္ဌ ပြော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် NCA အပြင် မည်သည့်လမ်းကြောင်းနှင့်မဆို ထိတွေ့ဆွေးနွေး၍ ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းနိုင်ကြောင်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ဇူလိုင် ၂၄ ရက်တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
NSPNC အနေဖြင့် NCA-S EAO ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် စုပေါင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်သကဲ့သို့ အဖွဲ့တစ်ဖွဲ့ချင်း၏ လိုလားချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းနိုင်ရေးအတွက် နှစ်ဖက် (Bilateral) ဆွေးနွေးမှုများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားသည်။
ထို့ပြင် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကို ဆွေးနွေးညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်း၊ ညှိနှိုင်းရေးကော်မတီအနေဖြင့် တည်ဆဲဥပဒေဘောင်အတွင်း လိုအပ်ချက်များကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
LDU ဥက္ကဋ္ဌ ကျာဆော်လမွန်ကလည်း နိုင်ငံတော်အစိုးရနှင့် NSPCC ၏ ကြိုတင်ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကို ကြိုဆိုကြောင်းနှင့် ဒေသလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် လားဟူတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ ကော်ဖီစိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ရေရရှိရေး၊ စိုက်ပျိုးရေးနည်းပညာပံ့ပိုးမှု၊ မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်က ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ တည်ဆဲဥပဒေအရ ဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ နှစ်ဖက်ဆွေးနွေးချက်များကို မှတ်တမ်းတင်ကာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြောင်း သိရသည်။

image