ဘာလိုဂန်ပွဲပယ်ဆုံးဖြတ်ချက်အပေါ် ဖီဖာထံ စောဒကတက် တိုင်ချက်ဖွင့်ရန် နော်ဝေဘောလုံးအဖွဲ့ချုပ် စဉ်းစားနေ
====================
နော်ဝေဘောလုံးအဖွဲ့ချုပ်ဟာ ဖိုလာရန်ဘာလိုဂန်ရဲ့ ကမ္ဘာ့ဖလား ၁ ပွဲပယ်ပြစ်ဒဏ်အား ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခဲ့မှုနှင့်ပတ်သက်ပြီး ဖီဖာ စည်းကမ်းထိန်းသိမ်းရေးကော်မတီထံ တရားဝင် စောဒကတက် တိုင်ချက်ဖွင့်ရန် စဉ်းစားနေပါတယ်။
အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ဟာ ဘော့စနီးယားနှင့်ပွဲတွင် အနီကတ်ပြသခြင်းခံခဲ့ရပြီးနောက် ဘယ်ဂျီယံနှင့် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်ကို တစ်ပွဲအလိုအလျှောက်ပယ်ခံရမယ်လို့ ယုံကြည်ခဲ့ရပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကြားဝင်လာချိန်တွင် ဘာလိုဂန်ရဲ့ ၁ ပွဲပယ်ပြစ်ဒဏ်အား ၁၂ လဆိုင်းငွံ့ပြစ်ဒဏ်အဖြစ် ပြောင်းလဲချမှတ်ခဲ့ပါတယ်။
ဘာလိုဂန်ဟာ ဘယ်ဂျီယံကို ၄-၁ ဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် ပွဲထွက်ကစားခဲ့ပါတယ်။
နော်ဝေဘောလုံးအဖွဲ့ချုပ်ဥက္ကဌလိစ်ကလာဗီနက်စ်က လာမယ့် ဘုတ်အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းအဖြစ်အပျက်အပေါ် ဖီဖာထံ တိုင်ချက်ဖွင့်မဖွင့် ဆွေးနွေးသွားမယ်လို့ ဘီဘီစီသို့ အတည်ပြု ပြောကြားသွားပါတယ်။
နော်ဝေဟာ ဖီဖာဥက္ကဌအင်ဖန်တီနိုက ဒေါ်နယ်ထရမ့်အား ချီးမြှင့်ရန်အတွက် ဖီဖာရဲ့ ပထမဆုံးငြိမ်းချမ်းရေးဆု ဖန်တီးမှုအတွက် တိုင်ကြားမှု ပြုလုပ်ခဲ့ဖူးပြီးလည်း ဖြစ်ပါတယ်။
နော်ဝေဟာ အင်ဖန်တီနိုအား နိုင်ငံတကာအိုလံပစ်ကော်မတီသို့ တိုင်ကြားထားပါသေးတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီအဖွဲ့ဝင် စည်းမျဉ်းတွင် အဖွဲ့ဝင်များအနေဖြင့် အစိုးရ (သိ့မဟုတ်) အဖွဲ့အစည်းများ (သို့မဟုတ်) တတိယအဖွဲ့အစည်းများရဲ့ ကြားဝင် ဆောင်ရွက်မှုကို လက်မခံဘဲ ကိုယ့်လုပ်ဆောင်မှုနှင့် မဲပေးမှုအား လွတ်လပ်စွာ လုပ်ဆောင်ရမယ်ဆိုတဲ့ အချက် ပါဝင်ပါတယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီအနေဖြင့် အင်ဖန်တီနိုမှာ ၂၀၂၀ ခုနှစ်ကတည်းက အဖွဲ့ဝင်တစ်ဦး ဖြစ်နေမှုနှင့်အတူ စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်လာပါတယ်။