အင်ဒါဆင်အား ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၆ သန်းဖြင့် ခေါ်ယူလာပြီဖြစ်တဲ့ မန်စီးတီး
=================

မန်စီးတီးဟာ နော်တင်ဟမ်ဖောရက်စ်မှ အင်္ဂလန်အလယ်တန်းကစားသမားအီးလီးယော့အင်ဒါဆင်အား ပေါင် ၁၁၆ သန်းဖြင့် ခေါ်ယူရေးအား အပြီးသတ် လုပ်ဆောင်လာပြီ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ မန်စီးတီးနှင့် ၂၀၃၁ ခုနှစ်၊ ဇွန်လအထိ စာချုပ်ချုပ်ဆိုလာပါတယ်။
သူဟာ အင်္ဂလန်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲကစားနေစဉ် မန်စီးတီးသို့ ပြောင်းရွှေ့ရေး သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ထိုစဉ်တုန်းက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ဖြစ်ပါတယ်။
ဒါပေမဲ့ မကြာသေးမီတုန်းက ချဲလ်ဆီးက ဗီလာမှ အင်္ဂလန်ကစားသမားမော်ဂန်ရော်ဂျာအား ပေါင် ၁၁၇ သန်းဖြင့် ခေါ်ယူကာ ယင်းစံချိန်အား ရိုက်ချိုးသွားခဲ့ပါတယ်။
အီတီဟတ်သို့ ပြောင်းလာပြီးနောက် အင်ဒါဆင်က မန်စီးတီးက ခေါ်ယူရန် စိတ်ဝင်စားကြောင်း သိရှိရပြီးကတည်းက အပြောင်းအရွှေ့ ဖြစ်မြောက်အောင် လုပ်ဆောင်ရေး ဆုံးဖြတ်ထားခဲ့ကြောင်း ဖွင်ဟလာပါတယ်။
အင်ဒါဆင်က "ကျွန်တော်တို့ကို အလိုရှိကြောင်း (မန်စီးတီးက)သိလိုက်ရချိန်ကတည်းက ဒီအပြောင်းအရွှေ့ ဖြစ်လာရမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ဘယ်သူမဆို အမြင့်ဆုံးအဆင့်မှာ စမ်းသပ်မှု ခံယူချင်ကြတာပဲလေ။ မန်စီးတီးသို့ ပြောင်းခွင့်ရတာ တကယ့်အခွင့်အရေးကြီးပါ။ အနားယူပြီးတော့ မန်ချက်စတာသို့ ရောက်လာချိန်မှာ အသင်းမှာ အထိုင်ကျအောင် အစွမ်းကုန် ကြိုးစားသွားပါမယ်"လို့ ပြောကြားသွားပါတယ်။
အင်ဒါဆင်ဟာ ၂၀၂၄ ခုနှစ်တုန်းက နယူးကာဆယ်မှ နော်တင်ဟမ်ဖောရက်စ်သို့ ပေါင် ၃၅ သန်းဖြင့် ပြောင်းရွှေ့လာပြီးနောက် ကလပ်အား နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးဥရောပဝင်ခွင့် ရရှိအောင် အရေးပါတဲ့ အခန်းကဏ္ဍမှ ခြေစွမ်းပြကစားခဲ့သူ ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖောရက်စ်အား ယူရိုပါလိဂ်ဆီမီးဖိုင်နယ်သို့ တက်နိုင်အောင် ကူညီခဲ့သလို ပရီးမီးယားလိဂ်ရဲ့ ဘောလုံးထိမှုအများဆုံးနှင့် ပြိုင်ဘက်ကစားသမားနှင့် တစ်ဦးချင်း ထိပ်တိုက်တွေ့ဆုံချိန်မှာ အနိုင်ရမှုအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယရရှိခဲ့တဲ့ အင်္ဂလန်ရဲ့ ပွဲစဉ်တိုင်းတွင် ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။

image