လီဗာပူးကို အနိုင်ယူရန် ခက်ခဲတဲ့အသင်းအဖြစ် တည်ဆောက်ရန် အိုင်ရာအိုလာ လုပ်ဆောင်နေ
====================

အန်ဒိုနီအိုင်ရာအိုလာက လီဗာပူးတွင် သူ့ရဲ့ ရည်မှန်းချက်များထဲမှ တစ်ခုက အသင်းကို အနိုင်ယူရန် ခက်ခဲတဲ့အသင်းအဖြစ် တည်ဆောက်ရေး ဖြစ်ကြောင်းနှင့် ပရိသတ်များ လိုချင်တဲ့ ကစားဟန်ကောင်းတဲ့အသင်းနှင့် ရလဒ်ပိုင်းလည်း ယူဆောင်ပေးရန် ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။
အသက် ၄၄ နှစ်ရှိ စပိန်လူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီအကုန်တွင် ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ အန်းဆလော့နေရာတွင် အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်တွင် အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့တဲ့အပြင် ပြိုင်ပွဲအရပ်ရပ် စံချိန်တင် ရှုံးပွဲ ၂၀ အထိ ကြုံရပြီးနောက် အန်းဆလော့နှင့် လမ်းခွဲလာခဲ့တာလည်း ဖြစ်ပါတယ်။
အိုင်ရာအိုလာက "အခုအချိန်မှာ ကျွန်တော့်အတွက် အဓိကလုပ်ရမယ့်အရာက အရမ်းကို အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းအဖြစ် ဖန်တီးဖို့ပါ။ အခု ကျွန်တော် မျှော်မှန်းထားတဲ့အသင်းက အဲဒီလို အသင်းမျိုးပါ။ ဒီလိုအသင်းမျိုး ဖြစ်လာပြီဆိုရင် အောင်မြင်မှုတွေ ရယူလာနိုင်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ရပါမယ်။ ပိုကောင်းတဲ့အသင်းအဖြစ် ဖန်တီးရမယ်။ ကစားသမားတိုင်းအတွက် အကောင်းဆုံးနေရာ ရှာဖွေရမယ်။ အသင်းကောင်းဖို့ စုစည်းရမယ်။ အခု ကျွန်တော် လုပ်နေတာ ဒါတွေပါ"လို့ ပြောကြားသွားပါတယ်။
လီဗာပူးဟာ ရာသီကြိုလေ့ကျင့်ခန်းဆင်းရန် ချီကာဂိုသို့ ရောက်ရှိနေတာ ဖြစ်ပြီး စနေနေ့တွင် နက်ရှ်ဗေးလ်တွင် ဆန်းဒါးလန်းနှင့်ခြေစမ်းပွဲကစားသွားမှာ ဖြစ်သလို နယူးယောက်တွင် ဝရက်ဇ်ဟမ်း၊ ချီကာဂိုတွင် လိဒ်တို့နှင့်လည်း ခြေစမ်းပွဲကစားသွားပါမယ်။

image