အဝေးကွင်းပွဲစဉ်အပြီး အိမ်ပြန်လမ်းတွင် အာဂျင်တီးနားပရိသတ်များအား တင်ဆောင်လာတဲ့ ဘတ်စ်ကား ပစ်ခတ်တိုက်ခိုက်ခြင်းခံရ
=====================

အာဂျင်တီးနားဘောလုံးပရိသတ်များအား သယ်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီးဟာ အဝေးကွင်းပွဲစဉ်တစ်ခု အပြီး အိမ်ပြန်လမ်းတွင် တုန်လှုပ်စရာ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ကြုံတွေ့ခဲ့ရပါတယ်။
အာဂျင်တီးနားအဆင့်မြင့်တန်းကလပ် Tigre အသင်းပရိသတ်များစီးနင်းလာတဲ့ ဘတ်စ်ကားဟာ အင်္ဂါနေ့ညတုန်းက အိမ်ပြန်လမ်းတွင် တိုက်ခိုက်မှုကြုံခဲ့ရတာပါ။
Tigre ပရိသတ်များဟာ ဥရုဂွေးထိပ်သီး ကလပ် Nacional အား Copa Sudamericana တွင် ၃-၀ ဂိုးဖြင့် အနိုင်ရရှိပြီး အိမ်ပြန်လမ်းတွင် တိုက်ခိုက်ခံခဲ့ရတာပါ။
ယင်းနှစ်သင်းတို့ဟာ ရှုံးထွက်ပလေးအော့ဖ်ကစားခဲ့တာ ဖြစ်ပြီး Tigre က ဆယ်ယောက်ကျန် ပြိုင်ဘက်အား ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ Tigre ပရိသတ်များရဲ့ အပျော်ဟာ အသင်းဘတ်စ်ကားကို သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံရချိန်မှာတော့ အကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။
La Derecha Diario သတင်းစာရဲ့ဖော်ပြမှုအရ ယင်းတိုက်ခိုက်မှုကြောင့် ပရိသတ်တစ်ဦးမှာ လက်မောင်းတွင် သေနတ်ကျည်ဆန်ထိမှန်ကာ ဆေးရုံသို့ ပို့ခဲ့ရကြောင်း သိရပါတယ်။ Tigre အသင်းဘတ်စ်ကားကို ကျည်ဆန် ၁၀ ထောင့်ထိမှန်ခဲ့ကြောင်းလည်း သိရပါတယ်။
ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်အရ ကားမှန်ပြတင်းတစ်ခုမှာ ကျည်ဆန်ထိမှန်ကာ ပွင့်ထွက်သွားသလို ကားအတွင်း သွေးများ စွန်းပေနေကြောင်းလည်း တွေ့ရပါတယ်။
ကားတာယာတစ်လုံးမှာလည်း ကျည်ဆန်ထိမှန်ကာ ပျက်စီးသွားပါတယ်။
Tigre အကြီးအကဲမာတင်ဆွာရက်ဇ်ဟာ ဆေးရုံသို့ သွားရောက်ကာ ဆေးကုသမှုခံယူနေရတဲ့ ပရိသတ်ထံ သွားရောက် အားပေးစကားပြောခဲ့ကြောင်း သိရပါတယ်။
Gran Parque Central Stadium တွင် ကစားတဲ့ ယင်းပွဲစဉ်အား Tigre ပရိသတ် ၂၀၀၀ ဝန်းကျင်ခန့် လာရောက် ကြည့်ရှုအားပေးခဲ့ပါတယ်။

image