အမေရိကန်မှ မထွက်ခွာမီ နောက်ဆုံးမိနစ်တွင် FBI ရဲ့ ကွန်ပျူတာနှင့် ဖုန်းသိမ်းဆည်းခံခဲ့ရတဲ့ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌ
===================

အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟာ အမေရိကန်မှ မထွက်ခွာမီ လေဆိပ်သို့ ရောက်လာချိန်တွင် FBI အေးဂျင့်များရဲ့ ဖုန်းသိမ်းဆည်းခြင်းခံခဲ့ရကြောင်း သိရပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟာ စပွန်ဆာမှ ရရှိတဲ့ ငွေကြေး ဒေါ်လာသန်းရာသီချီတဲ့ ပမာဏများအား အမေရိကန်ဘဏ်များမှ တဆင့် အလွဲအပြောင်း ပြုလုပ်မှုအတွက် စုံစမ်းစစ်ဆေးမှုခံရမှုရဲ့ နောက်ဆက်တွဲအဖြစ် ယခုကဲ့သို့ လေဆိပ်တွင် ဖုန်းအသိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ကလူဒီယာချီကွီတာပီယာဟာ ကမ္ဘာဖ့လားပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းသားများနှင့်အတူ ဘရူနိုအေရီးစ်သို့ ထွက်ခွာရန် ပြင်ဆင်နေချိန် FBI အေးဂျင့်များရဲ့ ဝိုင်းရံခြင်းခံခဲ့ရပါတယ်။
တာပီယာဟာ နယူးယောက်ရှိ FK International Airport အချုပ်ခန်းသို့ ခေါ်ဆောင်သွားခြင်းခံရပြီးနောက် လျှပ်စစ်ပစ္စည်းအသုံးအဆောင်များ သိမ်းဆည်းခံခဲ့ရတာပါ။
ဒါ့အပြင် FBI အေးဂျင့်များဟာ တီပီယာရဲ့ လျှပ်စစ်ပစ္စည်းများအပြင် အခြားအာဂျင်တီးနားဘောလုံးအဖွဲချုပ်တာဝန်ရှိသူများရဲ့ ဖုန်းများ၊ လက်တော့ပ်များကိုလည်း သိမ်းဆည်းခဲ့ပါသေးတယ်။
အာဂျင်တီးနားအသင်းလိုက်ပါစီးနင်းမယ့် လေယာဉ်မှာ နံနက် ၆ နာရီတွင် ထွက်ခွာရန် စီစဉ်ထားပေမဲ့လည်း ယင်းအဖြစ်အပျက်ကြောင့် ၈ နာရီ ၁၅ မိနစ်တွင်မှ အာဂျင်တီးနားသို့ ထွက်ခွာခဲ့ရပါတယ်။
ယင်းသို့ အချိန်နောက်ကျမှုနှင့်အတူ အာဂျင်တီးနားအသင်းသားများအား ရောက်လာမှုအား Ezeiza International Airport တွင် ကြိုဆိုနေတဲ့ ထောင်ပေါင်းများစွာသော ပရိသတ်များအပေါ် ရိုက်ခတ်မှု ဖြစ်ခဲ့ပါတယ်။
FBI ဟာ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ရဲ့ စပွန်ဆာငွေ ဒေါ်လာသန်းရာကျော်တို့အား အမေရိကန်ဘဏ်တို့အား အသုံးပြုကာ ငွေအလွဲအပြောင်းလုပ်မှုနှင့်အတူ ငွေကြေးခဝါချမှုဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
FBI ဟာ ယင်းငွေများမှာ ဘယ်သူထံမှ ဝင်လာပြီး ဘယ်ဆီကို ရောက်တယ်ဆိုတာ အတိအကျ သိရှိအောင် စုံစမ်းကာ အမေရိကန်ဥပဒေကို ချိုးဖောက်ခြင်း ရှိ/မရှိ စစ်ဆေးနေတာပါ။
တရားရုံမှတ်တမ်းများအရ အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ဥက္ကဌတာပီယာဟာ ဖလိုရီဒါရှိ တောင်ပိုင်းပြည်နယ်တရားရုံးတွင် စစ်ဆေးမေးမြန်းခြင်းခံရမယ်လို့ သိရပါတယ်။
အာဂျင်တီးနားသို့ ပြန်သွားတဲ့ အာဂျင်တီးနားအသင်းသားများထဲတွင် အသင်းခေါင်းဆောင်လီယွန်နယ်မက်ဆီ ပါဝင်ခြင်း မရှိပါဘူး။

image