အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘဝမှ မာတီနက်ဇ် အနားယူလာဖို့ ရှိနေ
====================
အာဂျင်တီးနားဂိုးသမားအီမီမာတီနက်ဇ်က ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် စပိန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် လက်ရွေးစင်ကစားသမားဘဝမှ အနားယူရန် စဉ်းစားနေကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
အာဂျင်တီးနားအတွက် ၆၇ ပွဲကစားထားတဲ့အသက် ၃၃ နှစ်ရှိ မာတီနက်ဇ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပွဲတိုင်းကစားခဲ့ရာမှာ ၈ ဂိုးပေးခဲ့ရပြီး ၂ ပွဲတည်းသာ ဂိုးမပေးခဲ့ရပါဘူး။
သူဟာ ၂၀၂၂ ကမ္ဘာဖလာ့းတုန်းက အာဂျင်တီးနားအသင်း ချန်ပီယံဖြစ်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သလို အကောင်းဆုံးဂိူးသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။
မာတီနက်ဇ်က "နောက်ထပ်တစ်ကြိမ် ရယူနိုင်ဖို့ အိပ်မက်မက်ခဲ့တယ်။ အာဂျင်တီးနားသို့ ထပ်ယူဆောင်လာဖို့ အိပ်မက်မက်ခဲ့တယ်။ နောက်ထပ်သမိုင်းရေးဖို့ အိပ်မက်မက်ခဲ့တယ်။ နာကျင်မှုက ရှင်းပြခက်ခဲတာ အမှန်ပါ။ ဒီအပေါ်မှာ အများကြီး ရိုက်ခတ်မှုတွေ ရှိတယ်။ ပြီးတော့ ဘယ်လို ရှေ့ဆက်မလဲဆိုတာပေါ့။ လိုအပ်လာရင် ဘေးထွက်ရမဲ့ အချိန်ဖြစ်လာပါမယ်။ စိတ်မကောင်းပါဘူး။ နိုင်ငံနဲ့ ကစားဖော်တွေကို ကူညီဖို့ ကျွန်တော် အမှန်တကယ်ပဲ အစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်"လို့ ပြောကြားသွားပါတယ်။
မာတီနက်ဇ်ဟာ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်တွင်လည်း ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆု Yashin Trophy ကို ရယူခဲ့သူ ဖြစ်ပါတယ်။
သူဟာ ၂၀၂၀ ခုနှစ်ကတည်းက ဗီလာတွင် ကစားလာသူ ဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကာ ဂျူဗင်တပ်ရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။