NSPNC နှင့် NCA-S EAOs တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်မြှင့်ရေးနှင့် ပြည်တွင်း/ပြည်ပ နည်းပညာအကူအညီရယူရေး ဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAOs) တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ဇူလိုင် ၂၁ ရက်က ကျင်းပခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်မြှင့်ဖော်ဆောင်ရေး၊ ပြည်တွင်းနှင့် ပြည်ပနည်းပညာအကူအညီများ ရယူရေးအပါအဝင် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းမှုများအတွင်း NCA ကို အခြေခံသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေး၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံး ပါဝင်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ဖြစ်မြောက်လာစေရေးနှင့် ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့များ ဆက်လက်တွေ့ဆုံဆွေးနွေးရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် EAO များ အခြေပြုရာဒေသများတွင် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်၍ ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ချိတ်ဆက်ဆောင်ရွက်ရေး၊ တိုင်းနှင့် ပြည်နယ်များတွင် ပြည်သူလူထုအခြေပြု ဆွေးနွေးပွဲများနှင့် ဖိုရမ်များကျင်းပရာ၌ သက်ဆိုင်ရာ NCA-S EAOs များ ပူးပေါင်းပါဝင်ရေး၊ အလွတ်သဘောတွေ့ဆုံမှုများနှင့် နှစ်ဖက် (Bilateral) တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရေးတို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာတွင် လိုအပ်သည့် ပြည်တွင်းနှင့် ပြည်ပနည်းပညာအကူအညီများ ရယူနိုင်ရေးကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က နှစ်ရက်တာဆွေးနွေးမှုများမှ ရရှိလာသည့် သဘောထားများကို အခြေခံ၍ NCA ၏ အနှစ်သာရအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်ဖော်ဆောင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အကြောင်းအမျိုးမျိုးကြောင့် NCA လမ်းကြောင်းမှ ကင်းကွာနေသည့် အဖွဲ့အစည်းများ ပြန်လည်ပါဝင်လာနိုင်ရေး၊ စဉ်ဆက်မပြတ် တွေ့ဆုံဆွေးနွေးရေးနှင့် ရှေ့ဆက်အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲအပြီးတွင် နှစ်ရက်တာ ဆွေးနွေးညှိနှိုင်းမှုများမှ ရရှိသည့် သဘောထားစုစည်းချက်များကို မှတ်တမ်းတင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ NCA-S EAOs ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ RCSS၊ KNU/KNLA ကောင်စီ၊ NMSP၊ DKBA၊ LDU၊ ALP တို့၏ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

image