အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးနေ
အလုပ်သမားများအတွက် အခွင့်အရေးများရရှိရေး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ စက်ရုံအလုပ်ရုံများမှ အလုပ်ရှင်အလုပ်သမားများနှင့် ဇူလိုင် ၂၁ ရက်က ပုသိမ်မြို့တွင် တွေ့ဆုံချိန်၌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များ ရရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်ရှင်၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာပြီး ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရန်”လည်း ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောသည်။
ထို့ပြင် အလုပ်သမားဝန်ကြီးဌာနသည် မြန်မာလုပ်သားထု၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။