ရန်ကုန်အထိုင်လက္ကား မြေဩဇာရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်
ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ သတ်မှတ်

ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း (MFSPEA) က တောင်သူများ အဓိကအသုံးပြုနေသည့် မြေဩဇာအမျိုးအစားများအတွက် ရန်ကုန်အထိုင်လက္ကား ရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်ကြေညာခဲ့သည်။
ထုတ်ပြန်ချက်အရ ယူရီးယားမြေဩဇာ (အလုံးကြီး) ၅၀ ကီလိုတစ်အိတ်၏ ရည်ညွှန်းလက္ကားဈေးနှုန်းကို ၁၂၀,၀၀၀ ကျပ်အဖြစ် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အကျုံးဝင်မည်ဖြစ်သည်။
ထို့ပြင် DI Ammonium Phosphate (DAP) အခြေခံ ၁၅ ပတ်လည် မြေဩဇာ ၅၀ ကီလိုတစ်အိတ်ကို ၁၃၈,၀၀၀ ကျပ်ဖြင့် သတ်မှတ်ထားပြီး ယင်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ် ဇွန် ၂၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ အကျုံးဝင်မည် ဖြစ်ကြောင်း သိရသည်။
အလားတူ Complex ၁၅ ပတ်လည် မြေဩဇာအတွက် ရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထားခြင်း မရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ရည်ညွှန်းဈေးနှုန်းများမှာ ရန်ကုန်အထိုင် လက်ငင်းငွေချေစနစ်ဖြင့် ရောင်းချသည့် လက္ကားဈေးနှုန်းများဖြစ်ပြီး ဒေသအလိုက် သယ်ယူပို့ဆောင်ရေးစရိတ်များအပေါ် မူတည်၍ ဈေးနှုန်းကွာခြားနိုင်ကြောင်း အသိပေးထားသည်။
ထို့အပြင် သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမရှိပါက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီနှင့် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်း (MFSPEA) သို့ ဆက်သွယ်အသိပေးနိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

image