လွိုင်ကော်မြို့ ရှိ ရွာတန်းရှည်ဓာတ်အားခွဲရုံ ပြုပြင်တည်ဆောက်လျက်ရှိ

ကယားပြည်နယ် လွိုင်ကော်မြို့ ရွာတန်းရှည်ရပ်ကွက်ရှိ ၃၃/၁၁ KV ၁၀ MVA ရွာတန်းရှည်ဓာတ်အားခွဲရုံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရွာတန်းရှည်ဓာတ်အားခွဲရုံ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
လွိုင်ကော်မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင်ကျေးရွာများ၊ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့များအထိ ဓာတ်အားဖြန့်ဖြူးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန်နှင့် ဓာတ်အားခွဲရုံ စက်ထိန်းချုပ်ခန်းနှင့် ဓာတ်အားပေးစက်များကို စနစ်တကျထိန်းသိမ်းရန်လည်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ရွာတန်းရှည်ဓာတ်အားခွဲရုံသည် လွိုင်ကော်ပင်မဓာတ်အားခွဲရုံကြီးမှတစ်ဆင့် ဓာတ်အားရယူကာ လွိုင်ကော်မြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့် ကျေးရွာများစွာသို့ အဓိကချိတ်ဆက်ပေးထားသည့် အရေးကြီးသော ခွဲရုံတစ်ခု ဖြစ်သည်။

image