ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားပြီး မတရားပြုကျင့်သူကို ဖမ်းမိပြီ

ကလေးခိုးပြီး နှိပ်စက်၊ တောင်းရမ်းခိုင်းစားမှု ကျူးလွန်သူကို မနေ့ ဇူလိုင် ၂၁ ရက်၊ ည ၁၂ နာရီဝန်းကျင်က ဧရာဝတီတိုင်းအတွင်းက မော်လမြိုင်ကျွန်းမြို့နယ်မှာ ပြည်သူတွေရဲ့ ကူညီမှုနဲ့ ပြန်လည် ဖမ်းမိပြီဖြစ်ပြီး ပြစ်မှု ကျူးလွန်သူဟာ ကလေးရဲ့ မိခင်နဲ့လူမှု​ရေးဆက်နွယ်သူ ဖြစ်တယ်လို့ ဒီဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။
“မိတာက ကျိန်းသေ မိသွားပါပြီ။ မော်ကျွန်းက ပြည်သူတွေ ဝိုင်းဖမ်းပေးတာပါ။ သူက ကလေးအမေနဲ့ လူမှု​ရေးဇာတ်လမ်းရှိသူလို့ သိရတယ်။ အဲဒါကြောင့် ကလေးအမေက ကလေးပျောက်တာ၊ အဲဒီလူ ခေါ်သွားတာကို သိပေမယ့် လိုက်မရှာ၊ အမှုလည်း မဖွင့်ဘဲ ထားထားတာ” လို့ ဒီဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ကျီစုအနီးရှိ လယ်ကွင်းတဲတခုမှာ နေထိုင်တဲ့ သန်းတိုးအောင် ဆိုသူဖြစ်ပြီး သမီးဖြစ်သူနဲ့အတူ ဒုက္ခရောက်နေဟန်နဲ့ တောင်းရမ်း စားသောက်နေသူဖြစ်ကာ ၎င်းရဲ့ အပြောကို ယုံကြည်သနားမိတဲ့ အမျိုးသမီးတယောက်က အကူအညီတွေ ရရှိနိုင်ဖို့ ဗီဒီယိုရိုက်ပြီး TikTok လူမှုကွန်ရက်မှာ တင်ပေးခဲ့ရာကနေ ကလေးခိုးယူထားမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
တာဝန်သိ ပြည်သူတွေအနေနဲ့ ကလေးနဲ့ပတ်သက်တဲ့ နောက်ကြောင်းတွေကို လိုက်လံ စုံစမ်းရာက ကလေးမိခင်နဲ့ သန်းတိုးအောင်တို့ရဲ့ ပတ်သက်မှုကို သိလာကြတာဖြစ်ပြီး လက်ရှိမှာတော့ ပြစ်မှု ကျူးလွန်သူကို မော်လမြိုင်ကျွန်းမြို့မှာ ဖမ်းမိရမိထားပြီ ဖြစ်တာကြောင့် ရန်ကုန်မြို့က သက်ဆိုင်ရာ ရဲစခန်း တာဝန်ရှိသူတွေဆီ လွှဲပြောင်းပေးဖို့ သွားရောက် ခေါ်ဆောင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေတယောက်က “သန်းတိုးအောင်ရဲ့ ပြစ်မှုတွေအတွက် ပုဒ်မတပ်မယ်ဆို တပ်စရာပုဒ်မတွေက အများကြီးပဲ။ ကလေးသူငယ် ညှင်းပမ်းနှိက်စက်မှုရော၊ ကလေးခိုးမှုရော၊ တောင်းရမ်းခိုင်းစားမှုရောပေါ့။ အခုက ကလေးရဲ့ မိန်းမကိုယ်က ပွန်းပဲ့ရာတွေနဲ့ ပတ်သက်လို့ ဆေးမစစ်ရသေးဘူး ဆိုတော့ အကယ်၍ ဆေးစစ်ချက်သာ ထွက်လာရင်၊ မုဒိမ်းမှုမြောက်တယ်ဆိုရင် အမှုက ပိုကြီးသွားနိုင်တယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ ရာဇသတ်ကြီးဥပဒေတို့ပါ ပြဋ္ဌာန်းချက်တွေအရ ထိရောက်စွာ အမှုဖွင့် တရားစွဲဆိုနိုင်တယ်လို့ သိရပြီး ကလေးခိုးမှု (ခိုးယူခြင်း/ဖျားယောင်းခေါ်ဆောင်ခြင်း) နဲ့ ပတ်သက်လို့ မည်သူမဆို တရားဝင်အုပ်ထိန်းသူထံမှ ကလေးကို ခိုးယူဖျားယောင်းပါက ရာဇသတ်ကြီး ပုဒ်မ ၃၆၃ အရ (၇) နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ သိရပါတယ်။
ဒါအပြင် ကလေးသူငယ်ကို ရက်စက်စွာ ဆက်ဆံခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း (ဒါမှမဟုတ်) ကိုယ်ခန္ဓာ နာကျင်စေခြင်း ပြုလုပ်ပါက ဥပဒေ ပုဒ်မ ၉၃ (က) အရ အနည်းဆုံး ထောင်ဒဏ် (၄) လမှ အများဆုံး (၃) နှစ်အထိဖြစ်စေ၊ ငွေဒဏ် ကျပ် တသိန်းမှ သုံးသိန်းအထိဖြစ်စေ ချမှတ်နိုင်တဲ့အပြင် ရာဇသတ်ကြီး ပုဒ်မ ၃၂၃၊ ၃၂၄၊ ၃၂၅၊ ၃၂၆ (နာကျင်စေမှုပုံစံအလိုက်) ဒဏ်ရာရရှိမှု ပြင်းထန်ပါက ထောင်ဒဏ် (၃) နှစ်မှ တသက်တကျွန်းအထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
ကလေးသူငယ်ကို အမြတ်ထုတ်ရန် ရည်ရွယ်ချက်နဲ့ တောင်းရမ်းခိုင်းစားခြင်း (ဒါမှမဟုတ်) ဖျော်ဖြေပွဲတွေမှာ ခိုင်းစေခြင်းတွေအတွက် ပုဒ်မ ၉၃ (ဂ) အရ ထောင်ဒဏ် (၄) လမှ (၃) နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ပြီး အကယ်၍ စနစ်တကျ ကွန်ရက်နဲ့ လူကုန်ကူးပြီး တောင်းရမ်းခိုင်းစားခြင်း ဖြစ်ပါက လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေအရ အရေးယူနိုင်တယ်လို့ သိရပါတယ်။

image