နယူးကာဆယ်၊ လီဗာပူးနှင့် အင်္ဂလန်ဂန္ထဝင် ကီဗင်ကီးဂန်း ကွယ်လွန်
===================
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းနှင့် နည်းပြဟောင်းကီဗင်ကီးဂန်းဟာ ကင်ဆာအဆင့် ၄ ခံစားနေရကြောင်း ကြေညာပြီး ၇ ပတ်အကြာ အသက် ၇၅ နှစ်အရွယ်မှာ ကွယ်လွန်လာပါတယ်။
အင်္ဂလန်ဘောလုံးသမိုင်းတွင် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်တဲ့ ကီဗင်ကီးဂန်းဟာ ကစားသမားဘဝတုန်းက စကန်သိုပီ၊ လီဗာပူး၊ ဟမ်းဘတ်၊ ဆောက်သမ်တန်၊ နယူးကာဆယ်တို့တွင် ကစားခဲ့ပါတယ်။
သူဟာ နယူးကာဆယ်၊ ဖူလ်ဟမ်၊ အင်္ဂလန်နှင့် မန်စီးတီးတို့ကိုလည်း နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးပါတယ်။
သဟာ ဇွန်လတုန်းက အဆိုးရွားဆုံးကင်ဆာအဆင့် ၄ သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ကြေညာခဲ့တာ ဖြစ်ပြီး ကင်ဆာမှာ ခန္ဓာကိုယ်ရဲ့အခြားအစိတ်အပိုင်းသို့လည်း ပျံ့နှံ့နေခဲ့တာပါ။
အင်္ဂလန်အသင်းဟာ လာမဲ့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဝင်ဘာလေကွင်းတွင် စပိန်အား ဧည့်ခံကစားရမဲ့ နေးရှင်းလိဂ်ပွဲစဉ်တွင် ကီဗင်ကီးဂန်းအား ဂုဏ်ပြုမှု ပြုလုပ်သွားရန် စီစဉ်ထားပါတယ်။
ကီးဂန်းဟာ ကစားသမားဘဝတုန်းက Ballon d'Or ဆုကို ၂ ကြိမ် ရရှိခဲ့ဖူးပြီး လီဗာပူးတွင် ၆ နှစ်ကစားစဉ်အတွင်း အမှတ်ပေးဖလား ၃ ကြိမ်၊ ဥရောဖလား ၁ ကြိမ်၊ ယူအီးအက်ဖ်အေဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။
သူဟာ ဟမ်းဘတ်အသင်းကိုလည်း ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးအောင် ကူညီခဲ့သလို ၁၉၇၈ နှင့် ၁၉၇၉ ခုနှစ်တို့တွင် ၂ ကြိမ်ဆက် Ballon d'Or ဆွတ်ခူးခဲ့ကာ ဒီဆုကို ဆွတ်ခူးထားတဲ့ အင်္ဂလန်ကစားသမား ၄ ဦးတို့မှ ၁ ဦးအဖြစ် ရပ်တည်နေပါတယ်။
သူဟာ အင်္ဂလန်အသင်းအတွက် ၁၉၇၂ ခုနှစ်မှ ၁၉၈၂ ခုနှစ်အတွင်းတွင် ၆၃ ပွဲကစားကာ ၂၁ ဂိုးသွင်းယူပေးခဲ့သလို ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၀၀ ခုနှစ် အောက်တိုဘာအထိ နည်းပြအဖြစ် ဦးဆောင်ဖူးပါတယ်။
သူဟာ နယူးကာဆယ်အသင်းကို ၁၉၉၆ ခုနှစ်တုန်းက ပရီးမီးယားလိဂ်ဖလားအား စိန်ခေါ်နိုင်အောင် ဦးဆောင်ကာ ကလပ်သမိုင်းကို ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်အောင် လုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ နယူးကာဆယ်ကို ၁၉၉၂-၉၂ ရာသီတွင် ပရီးမီးယားလိဂ်သို့ တန်းတက်အောင် ဦးဆောင်ခဲ့ပြီးနောက် ၁၉၉၆ ခုနှစ်တွင် ဒုတိယရရှိအောင် ဦးဆောင်ခဲ့ပါတယ်။