အသက် ၂၂ နှစ်အရွယ်တွင်ပင် ၇ ခုမြောက်နိုင်ငံမှ ၇ ခုမြောက်ကလပ်သို့ ပြောင်းရွှေ့လာတဲ့ ဗီလာတိုက်စစ်မှူးဟောင်းဂျွန်ဒူရန်
======================
ဗီလာတိုက်စစ်မှူးဟောင်းဂျွန်ဒူရန်ဟာ ဆော်ဒီကလပ် Al-Nassr မှ ဘင်ဖီကာသို့ တစ်ရာသီအငှားဖြင့် ပြောင်းရွှေ့လာပါတယ်။
ပေါ်တူဂီထိပ်သီးဘင်ဖီကာဟာ အသက် ၂၂ နှစ်အရွယ်ရှိ ဂျွန်ဒူရန်အတွက် တိုတောင်းတဲ့ ကစားသမားဘဝအတွင်း ၇ ခုမြောက်ကလပ် ဖြစ်လာပါမယ်။
ဘင်ဖီကာဟာ ကိုလံဘီယာတိုက်စစ်မှူးအတွက် Al-Nassr အား ငှားရမ်းခ ပေါင် ၅.၁၉ သန်းပေးရမှာ ဖြစ်ပြီး အပြီးသတ်ခေါ်ယူမည်ဆိုပါက ပေါင် ၂၅.၅ သန်းထပ်မံပေးရပါမယ်။
ဒူရန်ဟာ ၂၀၁၉ ခုနှစ်တုန်းက ကိုလံဘီယာကလပ် Envigado တွင် ကစားသမားဘဝ စတင်ပြီး ၂၀၂၂ ခုနှစ်တွင် မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားသို့ ပြောင်းခဲ့ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဗီလာသို့ ပေါင် ၁၄ သန်းဖြင့် ပြောင်းခဲ့ပြီး ယင်းတွင် ချက်ချင်းပင် ပရိသတ်အချစ်တော်ကစားသမားဖြစ်လာခဲ့ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် နွေရာသီတွင် ဝက်စ်ဟမ်းသို့ ပြောင်းရေး ပျက်ပြယ်ခဲ့ပေမဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာတော့ Al-Nassr သို့ ပေါင် ၇၁ သန်းဖြင့် ပြောင်းခဲ့ပါတယ်။
သူဟာ ဆော်ဒီကလပ်အတွက် ၁၃ ပွဲကစားကာ ၈ ဂိုးသွင်းနိုင်ခဲ့ပေမဲ့ ခြောက်လအကြာမှာ ဖီနာဘာချီသို့ အငှားချခြင်းခံခဲ့ရပါတယ်။ ဒါပေမဲ့ သူဟာ ဖီနာဘာချီသို့ ရောက်ပြီး တစ်လအကြာတွင် နည်းပြဟိုဆေးမော်ရင်ဟို ထုတ်ပယ်ခြင်းခံရပြီးနောက် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် အငှားစာချုပ်သိမ်းပြီး ရုရှားကလပ် ဇင်းနစ်သို့ အငှားဖြင့် ထပ်မံပြောင်းခဲ့ပါတယ်။
သူဟာ ရုရှားတွင် ၉ ပွဲကစားခဲ့ရာမှာ ၃ ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ယခု ဘင်ဖီကာက ဒူရန်အတွက် ကစားသမားဘဝ ၇ ခုမြောက်ကလပ်ဖြစ်သလို ၇ နိုင်ငံမြောက်ကျင်လည်ကစားတဲ့ နေရာဖြစ်လာပါမယ်။