မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ အဖွဲ့ဝင်အချို့၏ ပြောကြားချက်များအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ထုတ်ပြန်ချက်
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ လက်ရှိချဉ်းကပ်ဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဇူလိုင်လ ၁၈ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင်အချို့က ထုတ်ပြန်ခဲ့သည့် မလိုတမာသောအငြိုးဖြင့် ထင်ယောင်ထင်မှားဖြစ်စေသော ထုတ်ပြန်ချက် (malicious and misleading statement) အပေါ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အနေဖြင့် စိတ်မကောင်းဖြစ်မိပါသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးသည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအကြား အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ခဲ့သော တိုးချဲ့အလွတ်သဘော တိုင်ပင်ဆွေးနွေးမှုများ (virtual Extended Informal Consultations) ၏ ရလဒ်တစ်ခုဖြစ်ပါသည်။ အဆိုပါ အစည်းအဝေးများကို စီဘူး (Cebu) မြို့၌ ကျင်းပခဲ့သော (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်များက ပေးအပ်ခဲ့သည့် လုပ်ပိုင်ခွင့် (mandate) နှင့်အညီ တူညီဆန္ဒ (၅) ရပ် (5PC) ကို အခြေခံလျက် မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်ပြီး မူဝါဒနှင့်အညီ ထိတွေ့ဆက်ဆံမှုများ ဆက်လက်လုပ်ဆောင်ရန် ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
ယင်းတိုင်ပင်ဆွေးနွေးမှုများအတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် တူညီဆန္ဒ (၅) ရပ်ကို အပြည့်အဝနှင့် ထိရောက်စွာ အကောင်အထည်ဖော်မှုအား တိုးမြှင့်ဆောင်ရွက်ရန် ခိုင်မာသောနည်းလမ်းများ ရှာဖွေနိုင်ရေး ကြိုးပမ်းသည့်အနေဖြင့် မြန်မာနိုင်ငံရှိ တိုးတက်ဖြစ်ပေါ်မှုအခြေအနေများ၊ တူညီဆန္ဒ (၅) ရပ် အကောင်အထည်ဖော်မှုအတွက် ရှေ့ဆက်ရမည့်လမ်းစဉ်များနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး အလားအလာများအပါအဝင် အကြောင်းအရာများကို ဆွေးနွေးရန်အတွက် အဆွေတော် ဝန်ကြီး (H.E) ဦးတင်မောင်ဆွေနှင့် တွေ့ဆုံရန် သဘောတူညီခဲ့ကြပါသည်။
ဤအစည်းအဝေးများသည် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအကြား အပြုသဘောဆောင်သော ဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ရန်ဟူသည့် အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။ ၎င်းသည် တူညီဆန္ဒ (၅) ရပ်ကို စွန့်လွှတ်လိုက်ခြင်း မဟုတ်သကဲ့သို့ ထိုသို့ လွဲမှားစွာ ပုံဖော်ခြင်းမျိုးလည်း မလုပ်သင့်ပါ။ ငြိမ်းချမ်းရေးဆီသို့ သွားရာလမ်းကို ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းအားလုံးနှင့် ခိုင်မာပြတ်သားသော သံတမန်ရေးရာနည်းလမ်းများဖြင့်သာ ရရှိနိုင်မည်ဖြစ်ပါသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာတွင် တူညီဆန္ဒ (၅) ရပ်သည်သာ အာဆီယံ၏ အဓိကရည်ညွှန်းချက်အဖြစ် ထပ်လောင်းအတည်ပြုပါသည်။ ဤကိစ္စနှင့်စပ်လျဉ်း၍ အထူးကိုယ်စားလှယ်အနေဖြင့် တူညီဆန္ဒ (၅) ရပ်ပါ သက်ဆိုင်ရာ လုပ်ငန်းစဉ်များ၊ အထူးသဖြင့် ရန်လိုတိုက်ခိုက်မှုများ ရပ်စဲရေး၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများဖြစ်မြောက်စေရေး၊ ဆွေးနွေးမှုလုပ်ငန်းစဉ်များတွင် ကြားဝင်စေ့စပ်ပေးရေးနှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တိုးချဲ့ပေးအပ်ရေးတို့ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းရာတွင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံသွားရန် ဆက်လက်ကတိပြုပါသည်။