ချစ်သူဟောင်းနှစ်ဦးကို ကလေးစရိတ်မထောက်ပံ့ရအောင် ပိုင်ဆိုင်မှု ဝှက်ထားခဲ့တဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း
======================
ပရီးမီးယားလိဂ်ချန်ပီယံအသင်းခေါင်းဆောင်ဟောင်းဝက်စ်မော်ဂန်ဟာ ကလေး ၂ ဦးရဲ့ အမေများအား ကလေးစရိတ်ထောက်ပံ့ရခြင်း မရှိအောင် ပိုင်ဆိုင်မှုနှင့် ဝင်ငွေကို ဝှက်ထားခဲ့ကြောင်း တရားရုံးကြားနာမှု အရ သိရပါတယ်။
လက်စတာစံပြကစားသမားဟာ လွန်ခဲ့တဲ့ ဆယ်နှစ် ၂၀၁၆ ခုနှစ်တုန်းက လက်စတာကို အသင်းခေါင်းဆောင်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
၎င်းတို့ရဲ့ ချစ်သူဟောင်းနှစ်ဦးတို့က မော်ဂန်မှာ ကလေးစရိတ်မပေးဆောင်ရအောင် ဝင်ငွေနှင့် ပိုင်ဆိုင်မှုအား ဝက်ထားခဲ့ကြောင်း စွပ်စွဲခဲ့ကြပါတယ်။
လေလာအန်တိုနီယူနှင့် ကာလာမော်ရဲလ်တို့ဟာ မော်ဂန်နှင့် လက်တွဲခဲ့ကြဖူးပြီး ကလေးတစ်ဦးစီ ရရှိခဲ့ကြဖူးပါတယ်။
မော်ဂန်ဟာ ၂၀၂၁ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် အလုပ်လက်မဲ့ ဖြစ်နေကြောင်း အကြောင်းပြကာ Child Maintenance Service (CMS) အား လိမ်ညာပြီး ကလေးစရိတ်မထောက်ပံ့ရအောင် ရှောင်လွဲခဲ့ပါတယ်။
တရားရုံးကြားနာမှုအရ မော်ဂန်ဟာ ပေါ်တူဂီတွင် အိမ်တစ်လုံးပိုင်ဆိုင်တဲ့အပြင် အိမ်ငှားရမ်းခများအဖြစ် WM5 အမည်ရှိ ကုမ္ပဏီမှ တဆင့် အကျိုးအမြတ်များ ရရှိနေကြောင်း တွေ့ရှိခဲ့ရာ ယင်းပိုင်ဆိုင်မှုများအား ပေါင် ၅ သန်း သတ်မှတ်လာပါတယ်။
၂၀၂၅ ခုနှစ်မတ်လတုန်းက တရားသူကြီးတစ်ဦးက မော်ဂန်ဟာ အလုပ်လက်မဲ့အဖြစ် သတ်မှတ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကာလအတွက် ကလေးစရိတ် ပေါင် ၁၅၆၀၀၀ ပေးရန် ဆုံးဖြတ်ခဲ့ပါတယ်။
မော်ဂန်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက Child Maintenance Service (CMS) ရဲ့စုံစမ်းစစ်ဆေးမှုများနှင့် ကြုံတွေ့လာသူလည်း ဖြစ်ပါတယ်။ Child Maintenance Service (CMS) ဟာ မော်ဂန်ရဲ့ ဝင်ငွေနှင့် ပိုင်ဆိုင်မှု အချက်အလက်အမှားပေးမှုအတွက် စုံစမ်းစစ်ဆေးခဲ့တာပါ။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်တုန်းက ရှီနန်ဖစ်ရှာနှင့် လက်ထပ်ကာ နောက်ထပ် ကလေး ၂ ဦး ရရှိထားတဲ့ မော်ဂန်ဟာ တရားရုံးဆုံးဖြတ်ချက်အား အယူခံဝင်ခဲ့ပါတယ်။
ယင်းအယူခံကို အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တုန်းက လန်ဒန်ရှိ အယူခံတရားရုံးတွင် ကြားနာရာ ဝင်ငွေနှင့် ပိုင်ဆိုင်မှုအား သိုဝှက်ထားကာ ကလေးစရိတ်မပေးရရေး ရှောင်လွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပြန်ပါတယ်။
မော်ဂန်ဟာ ပရီးမီးယားလိဂ်ကစားသမားဘဝတုန်းက တစ်နှစ်လုပ်ခ ပေါင် ၃ သန်း ရရှိခဲ့တဲ့အပြင် ကစားသမားဘဝ နှောင်းပိုင်းတွင်လည်း အိမ်ခြံမြေရင်းနှီးမြှပ်နှံမှုများမှ ဝင်ငွေများ ရရှိနေတုန်းလည်း ဖြစ်ပါတယ်။
ဒါအပြင် သူဟာ BBC နှင့် Sky Sports တို့တွင်လည်း ဘောလုံးဝေဖန်ရေးသမားအဖြစ် အလုပ်လုပ်နေသလို နော်တင်ဟမ်ဖောရက်စ်တွင်လည်း ကင်းထောက်အဖြစ် အလုပ်လုပ်နေပါသေးတယ်။