ဆွစ်ဇာလန်ကွင်းလယ်လူမန်ဇမ်ဘီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ဗီလာ ခေါ်ယူလာ
====================

အက်စတွန်ဗီလာဟာ ဖရိုင်းဘတ်မှ ဆွစ်ဇာလန်အလယ်တန်းကစားသမားဂျိုဟန်မာဇမ်ဘီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၅၉.၅ သန်းဖြင့် ခေါ်ယူလာပါတယ်။
ဗီလာဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက အဲဗာတန်မှ အလယ်တန်းကစားသမားအေမာဒူအိုနာနာကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူပြီးနောက် ယခု မန်ဇမ်ဘီကို စံချိန်တင်ကြေးဖြင့် ခေါ်ယူလာတာလည်း ဖြစ်ပါတယ်။
ဗီလာဟာ ဝုဗ်မှ ဘရာဇီးကွင်းလယ်လူဂျာအိုဂိုမက်စ်ကိုလည်း ပေါင် ၃၈ သန်းဖြင့် ခေါ်ယူရေး နီးစပ်နေပြီလည်း ဖြစ်ပါတယ်။ ဂိုမက်စ်ဟာ ဝုဗ်ရဲ့ ပေါ်တူဂီရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်မှ ထွက်ခွာကာ ဗီလာနှင့် ဆေးစစ်ဆေးမှု ခံယူထားပြီး ဖြစ်ပါတယ်။
အသက် ၂၀ နှစ် မန်ဇမ်ဘီဟာ ကမ္ဘာ့ဖလားကွာတားဖိင်နယ်ရောက် ဆွစ်ဇာလန်အသင်းအတွက် ၃ ဂိုးသွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့မေလတုန်းက ဗီလာကို ၃-၀ ဖြင့် ရှုံးနိမ့်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် ဖရိုင်းဘတ်အတွက် ပါဝင်ကစားခဲ့သူလည်း ဖြစ်ပါတယ်။
မန်ဇမ်ဘီဟာ ယူရိုပါလိဂ်ရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဖရိုင်းဘတ်အတွက် ၄၇ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
ဗီလာဟာ ယူရီတီလီမန်းစ်ကို ယူနိုက်တက်သို့ ပေါင် ၃၈ သန်းဖြင့် ရောင်းချထားတဲ့အပြင် ကွင်းလယ်ကစားသမားအိုနာနာမှာ ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရမှာ ဖြစ်လို့ အလယ်တန်းကို အားဖြည့်နေတာလည်း ဖြစ်ပါတယ်။
ဗီလာဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးကန့်သတ်ချက်ကြောင့် ငွေကြေးအကန့်အသတ်ဖြင့် သုံးစွဲနေရတာ ဖြစ်ပြီး ဘယ်နောက်ခံလူလူးကပ်စ်ဒစ်ဂ်နီကိုလည်း ပီအက်စ်ဂျီသို့ ရောင်းချရန် သဘောတူညီထားပါတယ်။
မန်ဇမ်ဘီဟာ အက်စတွန်ဗီလာတွင် ကျောနံပါတ် ၄၄ ကို ဝတ်ဆင်ကစားလာပါမယ်။

image