ဖော့ကလန်နဖူးစည်းနှင့်ပတ်သက်ပြီး အာဂျင်တီးနားကို အိမ်ဖြူတော်ကာကွယ်ပြောဆိုလာ
=====================
အိမ်ဖြူတော်ဟာ အင်္ဂလန်ကို အနိုင်ရရှိကာ ကမ္ဘာ့ဖလားအောင်ပွဲခံစဉ်အတွင်း ဖော့ကလန်ကျွန်းမှာ သူတို့အပိုင်လို့ ဆိုတဲ့အချက် ထောက်ခံအားပေးတဲ့ စာသားပါ နဖူးစည်းကို ကိုင်ဆောင်အောင်ပွဲခံခဲ့ကြတဲ့ အာဂျင်တီးနားကစားသမားများကို ကာကွယ်ပြောဆိုလာပါတယ်။
အာဂျင်တီးနားဟာ ဘောလုံးပွဲတွင် နိုင်ငံရေးထုတ်ပြန်ကြေညာချက် ပြုလုပ်လာမှုနှင့်အတူ ယင်းအဖြစ်အပျက်အတွက် ဖီဖာရဲ့စုံစမ်းစစ်ဆေးခြင်းခံနေရပြီး အရေးယူခြင်းခံလာရဖို့ရှိနေပါတယ်။
ကစားသမားများရဲ့ လုပ်ရပ်မှားသလားလို့ မေးမြန်းလာချိန်မှာတော့ White House Fifa အကြီးအကဲအင်ဒရူးဂူလီယန်နီက အာဂျင်တီးနားအသင်းအနေဖြင့် အမေရိကန်တွင် ယင်းသို့ ကြေညာချက်မျိုး ထုတ်ပြန်တာ လုပ်ပိုင်ခွင့် ရှိကြောင်း ပြောကြားလာတာပါ။
တဖက်တွင် ဒေါင်းနင်းလမ်းက ဖီဖာရဲ့ ယင်းအဖြစ်အပျက်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်ရေး တောင်းဆိုနေချိန်တွင် အိမ်ဖြူတော်က ယင်းသို့ ပြောဆိုလာမှုနှင့်အတူ ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး နောက်ထပ် ပွတ်တိုက်မှု ရှိလာနိုင်ပြီ ဖြစ်ပါတယ်။
ဖော့ကလန်ကျွန်းမှာ အတ္တလန္တိတ်သမုဒ္ဒရာ အနောက်တောင်ပိုင်းတွင် တည်ရှိပြီး ဗြိတိန်နှင့် အာဂျင်တီးနားအကြား ပိုင်ဆိုင်မှု အငြင်းပွားခြင်းခံနေရတဲ့ကျွန်းပါ။
ဖော့ကလန်ကျွန်းနှင့်ပတ်သက်ပြီး အာဂျင်တီးနားနှင့် အင်္ဂလန်တို့ ၁၉၈၂ ခုနှစ်တုန်းက ၇၄ ရက်တိုင်တိုင် စစ်ပွဲဆင်နွဲခဲ့ပြီး အင်္ဂလန်က အနိုင်ရရှိခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၃ ခုနှစ်တုန်းက ဖော့ကလန်ကျွန်းပြည်သူများအနေဖြင့် အင်္ဂလန်လက်အောက်တွင် ဆက်နေရေးနှင့်ပတ်သက်ပြီး မဲပေး ရွေးချယ်မှု ပြုလုပ်ရာတွင် မဲပေးသူ ၁၅၁၇ ဦး ရှိရာတွင် ၁၅၁၃ ဦးက ထောက်ခံမဲပေးခဲ့ပြီး ၃ ဦးကသာ ကန့်ကွက်မဲပေးခဲ့ပါတယ်။