အာဂျင်တီးနားရှုံးပွဲက အင်္ဂလန်ကို ကာလရှည်ကြာ နာကျင်နေစေလိမ့်မယ်လို့ ဘန်း ဖွင့်ဟလာ
====================
အင်္ဂလန်အသင်းဟာ ၈ နှစ်အတွင်း ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့ ၂ ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့ပေမဲ့ ၂ ကြိမ်လုံး ရှုံးနိမ့်ခဲ့ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ခရိုအေးရှားကို ရှုံးနိမ့်ခဲ့သလို အခု ၂၀၂၆ ကမ္ဘာ့ဖလားမှာလည်း အာဂျင်တီးနားကို ရှုံးနိမ့်ကာ ဗိုလ်လုပွဲနဲ့ လွဲခဲ့ပြန်ပါပြီ။
အင်္ဂလန်ဟာ မနေ့ညကပွဲမှာ မော်ဂန်ရိုဂျာရဲ့ ဖြတ်တင်ဘောကနေ အန်တိုနီဂေါ်ဒွန်ရဲ့ အနီးကပ် ပိတ်သွင်းတဲ့ ဂိုးဖြင့် ၅၅ မိနစ်မှာ ဦးဆောင်ဂိုး ရရှိပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်နိုင်ရေး အကောင်းဆုံးအခွင့်အရေး ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမဲ့ အန်ဇိုဖာနန်ဒက်ဇ်နှင့် လူသာရိုမာတီနက်ဇ်တို့ရဲ့ နောက်ကျဂိုးတွေကြောင့် အာဂျင်တီးနားကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီး အင်္ဂလန်ဟာ ၁၉၆၆ ကမ္ယာ့ဖလားနောက်ပိုင်း ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ မတက်နိုင်သေးတဲ့ မှတ်တမ်းဆိုးကို ဆက်လက် ရင်ဝယ်ပိုက်လာခဲ့ရပါတယ်။
အင်္ဂလန်အတွက် ဒုတိယပိုင်းမှာ လူစားဝင်ရောက်ကစားခဲ့တဲ့ နောက်ခံလူဒန်ဘန်းက "ခါးသီးစွာ ခံစားရတယ်။ လုံးဝ ခါးသီးပါတယ်။ ကျွန်တော်တို့ ပွဲအစီအစဉ်အတိုင်း အကောင်းဆုံးလုပ်နိုင်ခဲ့ကြတယ်။ ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တယ်။ နောက်တော့ ကျွန်တော်တို့ အရမ်း ငြိမ်ခံနေခဲ့တယ်။ ဖြတ်တင်ဘောတွေ အများကြီးလုပ်ခွင့်ပေးခဲ့သလို အခွင့်အရေးတွေလည်း ပေးခဲ့တယ်။ အရည်အသွေးရှိတဲ့အသင်းတစ်သင်းနဲ့ ရင်ဆိုင်ချိန်မှာ ဒါတွေ ခွင့်ပြုလာရင် ကျရှုံးရပါမယ်။ ဒါက ကျွန်တော့်ကို ကာလရှည်ကြာ နာကျင်နေစေပါလိမ့်မယ်"လို့ ပြောကြားသွားပါတယ်။
အာဂျင်တီးနားကို ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ စနေနေ့မှာ တတိယနေရာလုပွဲအဖြစ် ပြင်သစ်နှင့် ရင်ဆိုင်ကစားရပါမယ်။
ဆက်လက်ပြီး ဘန်းက "ကျွန်တော်တို့ ဒီကမ္ဘာ့ဖလားမှာ လုပ်ပြနိုင်ခဲ့တာတွေအတွက် ဂုဏ်ယူနေတုန်းပါ။ ဘယ်သူမှ ကျွန်တော်တို့ကို အခွင့်အရေးကောင်း မပေးခဲ့ကြပါဘူး။ ကျွန်တော်တို့ ကောင်းတာတွေ အများကြီး လုပ်နိုင်ခဲ့ကြတယ်။ ပြီးတော့ ကျွန်တော်တို့ လုပ်နိုင်မယ်လို့လည်း ထင်ခဲ့ကြတယ်"လို့ ပြောကြားသွားပါတယ်၊။
အင်္ဂလန်ဟာ ကမ္ဘာဖ့လားနောက်ဆုံး ၃ ကြိမ်တွင် ဆီမီးဖိုင်နယ်မှာ ၂ ကြိမ် ရှံးနိမ့်ခဲ့သလို ယူရိုဗိုလ်လုပွဲတွင်လည်း ၂ ကြိမ်ဆက် ရှုံးနိမ့်ကာ ဆုဖလားနှင့် ဝေးကွာနေဆဲ ဖြစ်ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကလည်း "ပြောစရာ အများကြီး မရှိဘူး။ လူတိုင်း နာကျင်နေကြတယ်။ ကျွန်တော်တို့ အရမ်းနီးကပ်ခဲ့တယ်။ ၁၀ မိနစ်လောက်ပဲ ကျန်တော့တဲ့အချိန်မှာ လက်လွှတ်လိုက်ရတော့ ကောင်လေးတွေ အားလုံး စိတ်ပျက်နေကြမှာ သေချာပါတယ်။ မိနစ် ၆၀ အထိ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့တယ်။ ထိုက်တန်စွာ ဦးဆောင်နိုင်ခဲ့တယ်။ နောက်တော့ ဘောလုံးကို မထိန်းထားနိုင်ခဲ့တယ်။ ဘောလုံးကို ဖိအားပေးဖို့ ရုန်းကန်ခဲ့ရတယ်။ အခွင့်အရေးတွေ ဖန်တီးခွင့်ပေးခဲ့တယ်။ တတိယဇုန်မှာ အခွင့်အရေးပေးခဲ့တယ်။ ဒီအခြေအနေထက် ပိုကောင်းအောင် လုပ်ရမလဲဆိုတာ အဖြေရှာသွားမယ်။ ဒါက နောက်ဆုံး ပြိုင်ပွဲ ၄ ၅ ခုမှာ လိုအပ်နေခဲ့တာပါ"လို့ ပြောကြားသွားပါတယ်။
ဟယ်ရီကိန်းဟာ ကမ္ယာ့ဖလားပြိုင်ပွဲတွင် ၆ ဂိုးသွင်းယူထားပြီး လီယွန်နယ်မက်ဆီ၊ ကိုင်လီယန်ဘက်ပေး(၈)နောက် ဒုတိယဂိုးအများဆုံးသွင်းယူသူအဖြစ် ရပ်တည်နေကာ ဂိုးသွင်းဘုရင်ဆုကို ဆွတ်ခူးနိုင်ဆဲ ဖြစ်ပါတယ်။
ယခုလနှောင်းပိုင်းတွင် အသက် ၃၃ နှစ်ပြည့်မဲ့ ဟယ်ရီကိန်းက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အတွက် ကစားနိုင်ခြင်း ရှိ/မရှိပြောကြားရန် ငြင်းဆိုသွားပါတယ်။
၎င်းက "ပြောဖို့ အရမ်းစောသေးတယ်။ တစ်နှစ်ပြီး တစ်နှစ် တွေးသွားရမယ်။ ဒီလက်ရွေးစင်အသင်းက ကျွန်တော့်ဂုဏ်ယူစရာပါ။ ပျော်စရာပါ။ ကျွန်တော် အလုပ်ချင်ဆုံးအရာပါ။ နောက်ထပ် လေးနှစ်တောင် လိုသေးတယ်။ ဒီနွေမှာ ၃၃ နှစ်ပြည့်မယ်။ ဒါပေမဲ့ မက်ဆီဆို ထိပ်တန်းအဆင့်မှာ (အသက် ၃၉ နှစ်ဖြင့်) အကောင်းဆုံးကစားပြနိုင်တုန်းပဲ။ အခုလောလောဆယ်တော့ ခက်ခဲတဲ့ ရှုံးပွဲကြုံခဲ့ရတော့ ဒါကို စဉ်းစားနေတုန်းပါ"လို့ ပြောကြားသွားပါတယ်။