လုပ်ပွဲစွပ်စွဲမှုမှ လွတ်မြောက်သွားပြီဖြစ်တဲ့ အီတလီဒိုင်လူကြီးအကြီးအကဲ
====================
မီလန်ရဲ့အစိုးရရှေ့နေများဟာ အီတလီထိပ်တန်းလိဂ်များရဲ့ ဒိုင်လူကြီး အကြီးအကဲဂျီယန်လူကာရော့ချီအား လုပ်ပွဲစွပ်စွဲမှုဖြင့် တရားစွဲဆိုရေး ကြိုးပမ်းမှုအား အဆုံးသတ်လာရပြီ ဖြစ်ပါတယ်။
အီတလီနိုင်ငံတကာဒိုင်လူကြီးဟောင်းဟာ ၂၀၂၄-၂၅ ရာသီအတွင်း လုပ်ပွဲကစားခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုများနှင့် ရင်ဆိုင်ရပြီး စုံစမ်းစစ်ဆေးမှုများ ကြုံရပြီးနောက် ဧပြီလကတည်းမှ စတင်ကာ ရာထူးမှ ကိုယ့်ကိုယ်ကို ဆိုင်းငံ့ခဲ့သူပါ။
ရော့ချီဟာ အမျိုးသားဒိုင်လူကြီးကော်မရှင်တွင် စီးရီးအေနှင့် စီးရီးဘီပွဲစဉ်များအတွက် ဒိုင်လူကြီးတာဝန်ချမှတ်သူအဖြစ် တာဝန်ထမ်းဆောင်နေခဲ့သူ ဖြစ်ပြီး ၎င်းတွင် အပြစ်တစုံတရာ မရှိကြောင်း ငြင်းဆိုလာခဲ့သူလည်း ဖြစ်ပါတယ်။
ယနေ့တွင် အီတလီသတင်းအေဂျင်စီ Ansa ရဲ့ဖော်ပြလာမှုအရ အစိုးရရှေ့နေများဟာ ရော့ချီမှာ လုပ်ပွဲကစားတယ်ဆိုတာနှင့်ပတ်သက်ပြီး ၂ နှစ်တိုင်တိုင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လာခဲ့ပေမဲ့လည်း သက်သေအထောက်အထား ပြသနိုင်ခြင်း မရှိမှုနှင့်အတူ အမှုအား ရုတ်သိမ်းလာရပြီ ဖြစ်ပါတယ်။
ရော့ချီဟာ အင်တာမီလန်ရဲ့ ပွဲစဉ်အား အင်တာမီလန်က သဘောကျတဲ့ ဒိင်လူကြီးအား တာဝန်ပေးခဲ့တယ်ဆိုပြီး လုပ်ပွဲကစားတယ်လို့ စွပ်စွဲခြင်းခံခဲ့ရတာပါ။
ယင်းပွဲတွင် အင်တာမီလန်ကစားသမားတစ်ဦးက ပြိုင်ဘက်ကစားသမားအား တံတောင်ဖြင့် တွက်ခဲ့မှုကို VAR ကလည်း ကြားဝင် စစ်ဆေးမှု မပြုလုပ်မှုနှင့်အတူ လုပ်ပွဲအဖြစ် သံသယဝင်ခြင်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။
တဖက်တွင် အင်တာမီလန်ကို လုပ်ပွဲကစားမှုဖြင့် စုံစမ်းစစ်ဆေးမှုကိုလည်း အဆုံးသတ်လာရပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ရော့ချီဟာ ပြီးခဲ့တဲ့နှစ်မေလတုန်းက အူဒီးနီးစ်က ပါးမားအား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် လက်ထိဘောအား ကွင်းဘေးမော်နီတာတွင် စစ်ဆေးကြည့်ရှုရန် ကွင်းတွင်း ဒိုင်လူကြီးကို VAR ဒိုင်မှ တဆင့် ဖိအားပေးခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။
ကွင်းတွင်း ဒိုင်လူကြီးက ယင်းအဖြစ်အပျက်ကို ပင်နယ်တီမပေးရန် ဆုံးဖြတ်ထားခဲ့ပြီ ဖြစ်ပေမဲ့လည်း ကွင်းဘေးမော်နီတာတွင် စစ်ဆေးပြီးနောက် အူဒီးနီးစ်ဘက်သို့ ပင်နယ်တီပေးခဲ့ပါတယ်။
ယခုအခါ အစိုးရရှေ့နေများဟာ ယင်းအမှုနှင့်ပတ်သက်ပြီး စုံစမ်းတွေ့ရှိတဲ့ စာရွက်စာတမ်းအထောက်အထားများအား အီတလီအိုလံပစ်ကော်မတီရဲ့ အထွေထွေရှေ့နေရုံးသို့ လွဲပြောင်းပေးလာရတော့မှာလည်း ဖြစ်ပါတယ်။
အီတလီတွင် လုပ်ပွဲကစားမှုကို ရာဇဝတ်မှုသတ်မှတ်ထားပြီး ထောင်ဒဏ် ၆ နှစ်အထိ ချမျတ်နိုင်ပါတယ်။