ဇလွန်မြို့တွင် ရေဘေးကာကွယ်ရေးသရုပ်ပြသဇာတ်တိုက်လေ့ကျင့်

ဧရာဝတီတိုင်း၊ ဇလွန်မြို့ရှိ ဧရာဝတီဟင်္သာတတာမိုင် (၂၅/၂)ဆန်တန်းရပ်ကွက်၌ ရေဘေးကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၁၅ ရက်ကပြုလုပ်ရာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လေ့ကျင့်ခြင်းကို ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှကြီးမှူးပြုလုပ်ခြင်းဖြစ်ကာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်တက်ရောက်၍ ဒေသတွင်းတွင်းရှိ မြစ်များ၊ ချောင်းများ၊ မြောင်းများ၌ ရွှံ့နွံပိတ်ဆို့တိမ်ကောမှုများမရှိစေရန် အမှိုက်သရိုက်များနှင့် ရေစီးရေလာအဟန့်အတားမဖြစ်အောင် ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်များကိုကာကွယ်ရာ၌ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ အင်အားသာမက ဒေသခံတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်မှသာ လျင်လျင်မြန်မြန် အောင်မြင်စေမည်ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက အရေးပေါ်ကာကွယ်ရေးနည်းလမ်းများအား သရုပ်ပြသခြင်းနှင့် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုအစီအစဉ် စီမံချက်အား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

image