အီဒါဆင်ရဲ့ အပြောင်းအရွှေ့ပျက်ပြယ်သွားပြီးနောက် ယူရီတီလီမန်းစ်ကို ခေါ်ယူရေး ဆွေးနွေးမှု အဆင်ပြေလာတဲ့ ယူနိုက်တက်
====================
မန်ချက်စတာယူနိုက်တက်ဟာ အက်စတွန်ဗီလာမှ ယူရီတီလီမန်းစ်ကို ခေါ်ယူရေး ဆွေးနွေးမှုများ ပြုလုပ်လာပါတယ်။
ယူနိုက်တက်ဟာ အဓိကပစ်မှတ်များဖြစ်ကြတဲ့ အီးလီးယော့အင်ဒါဆင်၊ မားတီးယပ်စ်ဖာနန်ဒက်စ်တို့အား ခေါ်ယူရေး မအောင်မြင်ခဲ့ပြီးနောက် အသက် ၂၉ နှစ်ရှိ တီလီမန်းစ်ကို ပစ်မှတ်ထားလာတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကစားသမားခေါ်ယူရာတွင် အသက် ၂၂ နှစ်မှ အသက် ၂၆ နှစ်ကြား ကစားသမားများကိုသာ ခေါ်ယူတဲ့ ပေါ်လစီသုံးနေပေမဲ့လည်း ပေါ်လစီအပြောင်းအလဲ ပြုလုပ်ကာ ဘယ်ဂျီယံကွင်းလယ်လူကို ခေါ်ယူရေး လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ တီလီမန်းစ်အတွက် ပေါင် ၃၅ သန်းမှ ပေါင်သန်း ၄၀ အတွင်း အသုံးပြုလာရမယ်လို့ ယုံကြည်ရပြီး အင်္ဂါနေ့မှာ ဆေးစစ်ဆေးမှု ခံယူလာမယ်လို့ ယုံကြည်ရပါတယ်။
ယူနိုက်တက်ဟာ အတ္တလန္တာမှ ဘရာဇီးကွင်းလယ်ကစားသမားအီဒါဆင်ကို ခေါ်ယူရေး သဘောတူညီမှု ရရှိခဲ့ပေမဲ့လည်း ဆေးစစ်ဆေးမှု ကျရှုံးမှုနှင့်အတူ အပြောင်းအရွှေ့မှာ ပျက်ပြယ်သွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကက်စ်မီရို ထွက်ခွာသွားမှုနှင့်အတူ ယခုနွေရာသီတွင် ကွင်းလယ်ကို မဖြစ်မနေ အားဖြည့်ရန် လိုအပ်နေခဲ့ပါတယ်။
ဒါ့အပြင် ဥရုဂွေးကွင်းလယ်ကစားသမားအူဂတ်တီမှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒူးဒဏ်ရာရရှိခဲ့ပေမဲ့လည်း ထွက်ခွာလာမယ်လို့ ယုံကြည်ရပါတယ်။
ဘယ်ဂျီယံလက်ရွေးစင်တီလီမန်းစ်ဟာ ၂၀၂၃ ခုနှစ်တွင် လက်စတာမှ ဗီလာသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲပေါင်း ၂၅၀ နီးပါးကစားထားပါတယ်။
ဗီလာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အမာဒူအိုနာနာ ဒူးဒဏ်ရာရရှိလာချိန်တွင် တီလီမန်းစ်အား ထွက်ခွာခွင့် ပြုလာမှုအတွက် အံ့ဩစရာဖြစ်နေပါတယ်။
ယူနိုက်တက်ဟာ ရာသီကြိုလေ့ကျင့်ခန်းဆင်းမှု စတင်နေပြီဖြစ်ပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် ဟယ်ဆင်ကီမှာ ဝရက်စ်ဟမ်းနှင့် ခြေစမ်းပွဲကစားပါမယ်။
ပြီးလျှင် ၎င်းတို့ဟာ ခြောက်ရက်အကြာတွင် နော်ဝေသို့ သွားကာ ရိုဆင်ဘတ်နှင့် ခြေစမ်းပါမယ်။