ငဝန်မြစ်ရေမြင့်တက်လာချိန် ပုသိမ်မြို့တော်ခန်းမရှေ့ရေကျော်မှုမရှိစေရန် သဲအိတ်များဖြင့်ကာရံ
မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းရှိ ငဝန်မြစ်ရေမြင့်တက်လာချိန်တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့ရေကျော်မှုမရှိစေရန် ယနေ့ ဇူလိုင် ၁၃ ရက်နံနက် ၁၁ နာရီခန့်က သဲအိတ်များဖြင့်ကာရံခဲ့ကြကြောင်း သိရသည်။
ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့ တော်ခန်းမရှေ့တွင် ငဝန်မြစ်ရေမြင့်တက်လာချိန်၌ မြစ်ရေများ ကမ်းနားလမ်းမပေါ်သို့ဖြတ်ကျော်စိမ့်၀င်မှုမရှိစေရေးအတွက် ပုသိမ်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ သဲအိတ်များဖြင့်တားဆီးကာရံပေးခဲ့ကြကြောင်း သိရသည်။
ငဝန်မြစ်ရေသည် မိုးဇလ၏ ယနေ့ ဇူလိုင် ၁၃ ရက်နံ နက် ၈ နာရီအချိန်ထုတ်ပြန်ချက်အရ ငါးသိုင်းချောင်း မြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင်ရောက်ရှိနေပြီး လာမည့် (၃၆)နာရီအတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ငါးသိုင်းချောင်းမြို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလကသတိပေးနှိုးဆော်ထားကြောင်း သိရသည်။