1 ပတ် - ဘာသာပြန်ပါ။

စစ်ကိုင်းတွင် ကျောက်မျက်ဈေးတစ်ခုပြန်လည်ဖွင့်လှစ်ပေးရန် လွှတ်တော်တွင် မေးမြန်း

ဒေသတည်ငြိမ်ပြီး ပြန်လည်ဖွံ့ဖြိုးရေး၊ ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်
စစ်ကိုင်း ဒေသခံပြည်သူလူထုများ စားဝတ်နေရေးပြေလည်စေရန် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ စေရန်အတွက် စစ်ကိုင်းမြို့သင့်လျော်မည့်နေရာသစ်တွင် နိုင်ငံတော်၏ကြီးကြပ်မှုဖြင့် ကျောက်မျက် အချောထည်ဈေးတစ်ခု တရားဝင်ပြန်လည်ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ မရှိ သိရှိလိုကြောင်း စစ်ကိုင်းမဲဆန္ဒနယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသက်ပုံက မေးမြန်းခဲ့ခြင်းဖြစ်သည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းဝေး ၂၂ ရက်မြောက်နေ့ အစီအစဉ်တွင် ဦးသက်ပုံက မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ကာလများတွင် စစ်ကိုင်းမြို့၌ ကျောက်မျက်ဈေးတစ်ခု လပိုင်းမျှ ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ပိတ်သိမ်းခဲ့ရကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် စစ်ကိုင်း မြို့ ကျောက်အချောထည်လုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရန် ကုန်ကြမ်း၊ ကျောက်စိမ်းအညံ့ အကျကျောက်များအား မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ဈေးသို့ သွားရောက်ဝယ်ယူရပြီး စစ်ကိုင်းမြို့၌ကျောက်စိမ်း ပုတီးစသည့်အချောကိုင်လုပ်ငန်းများလုပ်ကိုင်ကာ ရရှိလာသည့် ကျောက်စိမ်းပုတီးအချောထည်များကိုလည်း မန္တလေးဈေးကွက်များသို့ ပြန်လည်တင်ပို့ရောင်းချ နေရကြောင်းလည်း ဦးသက်ပုံက ပြောသည်။
အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးခင်လတ်ကြီးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ကြီးကြပ်မှုဖြင့်ကျောက်မျက်ဈေးတစ်ခု တရားဝင်ပြန်လည်ဖွင့်လှစ်ပေးစေလိုသည့် စစ်ကိုင်းမြို့သည် မန္တလေးမြို့ရှိကျောက်မျက်အချောထည် ဈေးနှင့် မဝေးခြင်း၊ လွယ်ကူစွာသွားလာ၍ရခြင်းကြောင့် ကျောက်မျက်ဈေးတစ်ခု ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် စစ်ကိုင်းမြို့တွင် ငလျင်သဘာဝဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်လျက်ရှိခြင်း၊လုံခြုံရေးပြန်လည်စိုးမိုးသည့် နေရာများတွင် အုပ်ချုပ်ရေးယန္တရားနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည် ထူထောင်လျက် ရှိခြင်းတို့ကြောင့် လတ်တလောအခြေအနေတွင် ကျောက်မျက်ဈေးတစ်ခု ပြန်လည် ဖွင့်လှစ်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဒေသတည်ငြိမ်ပြီး ပြန်လည်ဖွံ့ဖြိုးရေး၊ ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးချိန်တွင် ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးကပြောကြားခဲ့သည်။

image