ဖောက်ကလန်စစ်ပွဲအရှုံးကို အင်္ဂလန်အား အနိုင်ယူရေး တွန်းအားတစ်ခုအဖြစ် အသုံးချလာကြမဲ့ အာဂျင်တီးနားစတားများ
======================
အာဂျင်တီးနားကစားသမားများဟာ ဖောက်ကလန်စစ်ပွဲအရှုံးကို အင်္ဂလန်နှင့်ပွဲတွင် အနိုင်ရရှိရေး တွန်းအားတစ်ခုအနေဖြင့် အသုံးပြုလာကြပါမယ်။
အာဂျင်တီးနားပရိသတ်များဟာ ဆွစ်ဇာလန်ကို အနိုင်ရရှိပြီးနောက် ဗြိတိန်လက်အောက်တွင် တည်ရှိတဲ့ ကျွန်းဖြစ်တဲ့ ဖောက်ကလန်ကျွန်းကို ရည်ရွယ်ကာ “For the Malvinas” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ကြပါတယ်။
ဖလာကိုလို့ လူသိများတဲ့ အာဂျင်တီးနားတိုက်စစ်သမားဟိုဆေးမန်နူရယ်လိုပက်ဇ်ဟာ ၁၉၈၂ ခုနှစ် ဖောက်ကလန်ကျွန်းသိမ်းတိုက်ပွဲဝင်တွင် ကျရှုံးသွားတဲ့ စစ်သည်အမြောက်အမြားအခြေစိုက်ရာ Corrientes နယ်သားတစ်ဦး ဖြစ်ပါတယ်။
လိုပက်ဇ်က "ကွင်းရဲ့လိုင်းလေးလိုင်းအပြင်ဘက်မှာ သမိုင်းကြောင်းများစွာရှိတဲ့ တိုက်ပွဲတစ်ခု ဖြစ်ပါတယ်။ နောက်ကွယ်မှာ အများကြီးရှိနေသလို နာကျင်မှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပရော်ဖက်ရှင်နယ်တွေပါ။ နောက်ဆုံးစက္ကန့်အထိ ကွင်းထဲမှာ အခြားပွဲတွေ ကစားသလိုပဲ ရေကုန်ရေခမ်းကစားသွားမယ်။ စပါယ်ရှယ်ပွဲပါ။ ကမ္ဘာ့ဖလားတစ်ခုရဲ့ ဆီမီးဖိုင်နယ်ပွဲဖြစ်ပါတယ်။ ပုဂ္ဒိလ်ရေးပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဘောလုံးစကန်ကတည်းက အိပ်မက်ထဲကအတိုင်း ကစားခွင့်ရအောင် စွမ်းဆောင်ထားတဲ့ ကစားဖော်တွေကို ကျေးဇူးတင်ပါတယ်။ ဒီထက်ပိုပြီးတော့ အခြားစိတ်တွန်းအားမလိုအပ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် အလယ်တန်းကစားသမားလီယန်ဒရိုပါရီဒက်စ်ကလည်း "အင်္ဂလန်နဲ့ ရင်ဆိုင်ရမဲ့ပွဲက ကျွန်တော်တို့နိုင်ငံအတွက် ဘယ်လောက်အရေးပါတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒါက ဘောလုံးပွဲတစ်ပွဲမျှသာ ဖြစ်ပါတယ်။ အကောင်းဆုံးကစားသွားမယ်။ ကလေးတိုင်း ကစားခွင့်ရဖို့ အိပ်မက်မက်နေတဲ့ ပွဲတစပ်ပွဲပါ။ အိပ်မက်တစ်ခုပါ"လို့ ပြောကြားသွားပါတယ်။
အာဂျင်တီးနားဟာ အင်္ဂလန်အသင်းနှင့် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် အသင်းခေါင်းဆောင်ဟောင်းအန်တိုနီယိုရက်တင် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် အနက်ရောင်လက်ပတ်ဝတ်ဆင်ကစားသွားပါမယ်။
ရက်တန်ဟာ ဝင်ဘာလေကွင်းတွင် အင်္ဂလန်အား ရှုံးနိမ့်တဲ့ ၁၉၆၆ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
ရက်တင်ဟာ အိမ်ရှင် အင်္ဂလန်ကို ဘက်လိုက်ဆုံးဖြတ်တယ်ဆိုပြီး အနီကတ်ပြသခြင်းခံခဲ့ရပေမဲ့ ကွင်းအတွင်းမှာ ထွက်ခွာရန် ငြင်းဆိုခဲ့ပြီး အဲလစ်ဇဘတ်ဘုရင်မကြီးအတွက် လုပ်ထားတဲ့ ကောဇောနီတွင် ထိုင်နေခဲ့ပါတယ်။ နောက်ပိုင်းတွင် ရဲအရာရှိနှစ်ဦးက သူ့ကို ထိန်းသိမ်းကာ ကွင်းအပြင်သို့ ခေါ်ဆောင်သွားခဲ့ရပါတယ်။
ရက်တင်ရဲ့ လုပ်ရပ်ကြောင့် နောက်တစ်ကြိမ်ကမ္ဘာ့ဖလားတွင် ဖီဖာဟာ အဝါကတ်၊ အနီကတ်စနစ်ကို စတင်ကျင့်သုံးလာခဲ့ရပါတယ်။