စိုက်ပျိုးရေးနှင့်နယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မလေးနှင့် ထိုင်း မြှင့်တင်မည်

မလေးရှားနှင့် ထိုင်းနိုင်ငံတို့သည် နယ်ပယ်များစွာတွင် နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နှင့် ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်တို့က ပြောကြားခဲ့သည်။ ထိုင်းဝန်ကြီးချုပ်၏ မလေးရှားသို့ နှစ်ရက်ကြာ အလုပ်သဘောခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦး ဆွေးနွေးမှုများလုပ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးကို ခိုင်မာစေရန်အတွက် သိသာထင်ရှားသော မှတ်တိုင်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံအပြန်အလှန်အကျိုးရှိစေမည့် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှု၊ စွမ်းရည်မြှင့်တင်မှုနှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် ပြည့်စုံသော မူဘောင်တစ်ခုကို ပံ့ပိုးပေးကြောင်း နှစ်ရက်ကြာ နှစ်နိုင်ငံ ဆွေးနွေးပွဲများတွင် ၎င်းတို့က ပြောကြားခဲ့သည်။
အွန်လိုင်းလိမ်လည်မှုများ၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုအပြင် တောရိုင်းတိရိစ္ဆာန်နှင့် သစ်ကုန်ကူးမှု အပါအဝင် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို တို-က်ဖျ-က်ရာတွင် နယ်စပ်စီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အားကောင်းစေရန် ခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်။
တိုးမြင့်လာသော နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကိုလည်း ၎င်းတို့ ထောက်ရှု၍ ၂၀၂၇ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု ယူအက်စ်ဒေါ်လာ ဘီလျံ ၃၀ ရောက်ရှိရေး ရည်မှန်းချက်အောင်မြင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ကတိပြုခဲ့ကြသည်။

image