ဖလမ်းမြို့တွင် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် အိမ်ထောင်စု ၂၀၀ အား အခြေခံစားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့

ချင်းပြည်နယ်တွင် နေရပ် စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ဇူလိုင် ၉ ရက်က ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်၊ ချင်းပြည်နယ် အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒုတိယဝန်ကြီးက အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နေ့စဉ် ပုံမှန်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုးသော အခြေခံလိုအပ်သည့် အိမ်ထောင်စု တစ်စုလျှင် လူသုံးကုန်ပစ္စည်း(၁၆)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းများနှင့် စားရေရိက္ခာများအား နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ထပ်မံဝင်ရောက်လာမည့် ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ထို့နောက် ထောက်ပံ့ပစ္စည်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ကော်မတီဝင်များမှ အိမ်ထောင်စု (၂၀၀)အတွက် နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

image