လဝက ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်သံအမတ်ကြီး တွေ့ဆုံ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ဗီဇာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေး

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ဇူလိုင် ၁၀ ရက် နံနက်ပိုင်းတွင် လက်ခံတွေ့ဆုံကာ လူဝင်မှုကြီးကြပ်ရေး၊ ပြည်ဝင်ဗီဇာဆိုင်ရာကိစ္စရပ်များနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နေမှု၊ တရုတ်လုပ်ငန်းရှင်များအပါအဝင် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်၊ ထွက်ခွာသွားလာမှုများနှင့် လူဝင်မှုကြီးကြပ်ရေးဌာနက နေထိုင်ခွင့်ဆိုင်ရာ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသနေ ပြည်သူများ၏ နယ်စပ်ဂိတ်များမှတစ်ဆင့် တရားဝင် အပြန်အလှန်ဝင်ရောက်၊ ထွက်ခွာသွားလာမှု အခြေအနေများ၊ မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်မှုကို ဥပဒေနှင့်အညီ ရှာဖွေဖော်ထုတ် အရေးယူဆောင်ရွက်နေမှုများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့အတူ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စေရေးနှင့် နှစ်နိုင်ငံဆက်လက်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image