ပခုက္ကူကြက်သွန်နီ​စျေးကွက် စျေးနှုန်းထပ်မံမြင့်တက်နေပြီး တစ်ပိဿ ၄၅၀၀ ကျပ်ထိ ရောက်ရှိလာ

ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုဇူလိုင်လ ဒုတိယပတ်တွင် ဝယ်လက်များပြားသည့်အတွက် ​စျေးနှုန်းထပ်မံမြင့်တက်နေပြီး တစ်ပိဿ ကျပ် ၄၅၀၀ ထိရောက်ရှိလာကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းအထိ တစ်ပိဿ ၃၅၀၀ ကျပ် ၊ ဇူလိုင်လဆန်းပိုင်းတွင် ၄၀၀၀ ကျပ် ပေါက်​စျေးရှိပြီး ယခုဇူလိုင်လ ၉ ရက်နေ့တွင် ဝယ်လိုအား ပိုမိုများပြားလာပြီး စျေးနှုန်းထပ်မံမြင့်တက်ခြင်းဖြစ်ကြောင်း သိရသည်။
` ကြက်သွန်အနေအထားက တောင်သူက အလာနည်း ဝယ်မဲ့သူက များတော့ ​​စျေးထပ်တက်နေတယ်။ ဝင်သမျှကို ရအောင် စျေးပေးဝယ်ရတယ်။ အရင်က ဒီစျေးတမ်း ဒီလိုအချိန်ဆို ၁ ရက် ပိဿချိန် သိန်းဂဏန်းဝင်တယ်။ အခု လမ်းအ​​ခြေအနေရယ် ပခုက္ကူကနေ စားသောက်ကုန် ဝယ်ပြီး ပြန်လို့မရတော့ တောင်သူက သိပ်မလာကြဘူး။ ၁ ရက်မှ ပိဿချိန် ၁သောင်းကျော် ၂ သောင်းပဲ ဝင်တယ် ´ ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်သူတစ္ဦးက ပြောသည်။

image