ယခုရက်ပိုင်းအတွင်းထိုင်းနိုင်ငံအဝင် လဝက နှစ်နာရီကြာတန်းစီရ
ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိလေဆိပ် (Suvarnabhumi Airport) တွင် လူဝင်မှုကြီးကြပ်ရေး (လဝက) စစ်ဆေးရေးဂိတ်၌ တန်းစီစောင့်ဆိုင်းရသည့် လူတန်းကြီး ရှည်လျားလွန်းလှသဖြင့် နိုင်ငံခြားသားကမ္ဘာလှည့်ခရီးသွားများက လူမှုကွန်ရက်စာမျက်နှာများထက်တွင် ယခုရက်ပိုင်းအတွင်း တစ်ကျော့ပြန် ပြစ်တင်ဝေဖန်မှုများ ပြုလုပ်လာကြသည်။မိုးရာသီ ဖြစ်နေသည့်တိုင် ခရီးသွားများခြင်းမှာ အံ့ဩစရာပင်ဖြစ်သည်။
ခရီးသွားတစ်ဦးက လူဦးရေအလွန်အမင်း ပြည့်နှက်နေသည့် ဆိုက်ရောက်ခန်းမဆောင်ကြီး၏ ဓာတ်ပုံကို မျှဝေခဲ့ပြီး၊ လဝကစစ်ဆေးမှု ပြီးမြောက်ရန်အတွက် နှစ်နာရီနီးပါး ကြာမြင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဂျပန်နိုင်ငံမှ လာရောက်သည့် အခြားခရီးသွားတစ်ဦးကလည်း လေဆိပ်၏ ပုံမှန်လဝကစစ်ဆေးရေးဂိတ်များရှိ တန်းစီစောင့်ဆိုင်းနေရသည့် အခြေအနေကို "လူဦးရေအလုံးအရင်းနှင့် လုံးဝထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်" ဟု ဖော်ပြခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားများကို ပိုမိုဆွဲဆောင်ရန် ရည်မှန်းထားချိန်တွင် လူပေါင်းများစွာကမူ မေးခွန်းတစ်ခုတည်းကိုသာ ထပ်တူမေးခွန်းထုတ်နေကြသည်။
၎င်းမှာ - "နိုင်ငံ၏ အကြီးမားဆုံးသော လေဆိပ်ကြီးအနေဖြင့် ခရီးသွားများ ဆိုက်ရောက်ချိန်တွင် ယခုထက်ပိုမို အဆင်ပြေချောမွေ့သည့် စီမံမှုမျိုးကို ပံ့ပိုးပေးနိုင်မည်လော" ဟူ၍ ဖြစ်သည်။