မေးခွန်း တထောင် ဖြေရမယ့် သုတစုံလင်ဗုဒ္ဓဝင်အတွက် မုံရွာမှာစတင်
ဗုဒ္ဓဘာသာနဲ့ ဓမ္မဆိုင်ရာမေးခွန်း တထောင် ဖြေရမယ့် သုတစုံလင် ဗုဒ္ဓဝင်အတွက် မုံရွာစာဖြေဌာနဖွင့်ထားတဲ့ မုံရွာမြို့၊ ရုံးကြီးရပ်ထဲက ရူပါရုံသုဓမ္မစာရီဗိမာန်ကျောင်းမှာ ဇူလိုင်လ၅ရက်ညနေ၃နာရီက သုတစုံလင်ဗုဒ္ဓဝင်သင်တန်းရဲ့ ပထမဦးဆုံးရက်ကို ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်ပါတယ်။
မေတ္တာတရားများနဲ့ ကမ္ဘာလောကကြီး ငြိမ်းချမ်းစေဖို့ ရည်ရွယ်ပြီးသင်တန်းကိုဖွင့်လှစ်ရတာလို့ သုတစုံလင်ဗုဒ္ဓဝင် မုံရွာစာဖြေဌာန အကျိုးတော်ဆောင်ဦးကျော်တင်က ပြောပါတယ်။
" ၁၃ကြိမ်မြောက် သုတစုံလင်ဗုဒ္ဓဝင်မှာရထားတဲ့ သမီးလေးရဲ့ကြိုးစားအားထုတ်မှုကိုကြည့်ပြီး စစ်ကိုင်းတိုင်းနဲ့ မုံရွာက ကလေးတွေကိုသင်ပေးနိုင်ရင်ကောင်းမှာပဲဆိုပြီး ဖွင့်လှစ်ဖြစ်တာပါ။ လေ့လာသင်ယူ ကျက်မှတ်ရတဲ့စာတွေဟာ စေတီထိုက်လောက်တဲ့ ပူဇော်မှုဖြစ်လောက်အောင် ကြိုးစားအားထုတ်မှုရှိတာကို အားလုံးက ကြည်ညို သဘောကျပြီးဝိုင်းဝန်းဆောင်ရွက်ကြတာ ဖြစ်ပါတယ်။သုတစုံလင် ဗုဒ္ဓဝင်စာမေးပွဲကို ၁၃ကြိမ်မြောက်အထိ စစ်ကိုင်းတိုင်းကဖြေဆိုနိုင်တာမျိုးမရှိသေးတဲ့အတွက် စစ်ကိုင်းတိုင်းက ထူးချွန်ဖြစ်မြောက်စေချင်တဲ့စိတ်နဲ့ အားလုံးကြိုးစားနေကြတာပါ။"လို့ ဦးကျော်တင်က ဆိုပါတယ်။
မျိုးဆက်သစ် ရင်သွေးငယ်တွေရဲ့ ရင်တွင်းမှာ ဗုဒ္ဓအဆုံးအမ သြဝါဒတွေကိန်းအောင်းစေဖို့ ၊ လောဘ၊ဒေါသ၊မောဟ၊ မာန်မာနကင်းလို့ သဒ္ဓါ၊သီလ၊သုတ၊စာဂ၊ ပညာသူတော်ကောင်းတရားတွေ ကိန်းအောင်းဖို့နဲ့ မေတ္တာတရားများနဲ့ ကမ္ဘာလောကကြီး ငြိမ်းချမ်းစေဖို့ ရည်ရွယ်ပြီး သင်တန်းကို ဖွင့်လှစ်ရတာလို့သိရပါတယ်။
"ပြိုင်ပွဲမှာဆုရဖို့ မရဖို့ထက် သင်ကြားသူတွေရဲ့ရင်ထဲနှလုံးသားထဲမှာ ဓမ္မသတ္တိတွေကိန်းသွားပြီးရင်ထဲမှာ ဓမ္မစေတီထိုက်သွားအောင် သင်ကြားပေးသွားဖို့ရည်ရွယ်ပါတယ်။"လို့ မုံရွာစာဖြေဌာန သင်ကြားရေးတာဝန်ခံဆရာမ ဒေါ်မဥ္ဇူကပြောပြပါတယ်။
သင်တန်းကို အပတ်စဥ် တနင်္ဂနွေနေ့တိုင်းဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နဲ့ ဒီပလိုမာတန်းက ကျောင်း
သားကျောင်းသူ ၂၀၀ လောက်တက်ရောက်သင်ကြားနေကြတာပါ။
" အပြင်မှာ ဖတ်နေ၊ လေ့လာနေရတာထက် ဆရာတော်တွေနဲ့ ဆရာ၊ဆရာမတွေသင်ပေးမှာဆိုတော့ လွဲမှားနေတဲ့ အယူအဆတွေကို အများကြီးပြင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ပြန်လည်လက်ဆင့်ကမ်းဖို့ရည်ရွယ်ပါတယ်။"
လို့ သင်တန်းသား ကိုထူးအောင်ဝင့်ကပြောပါတယ်။