စင်ကာပူတွင် AI နှင့် အဆင့်မြင့်ကွန်ပျူတာနည်းပညာ သုတေသနအဖွဲ့အစည်းသစ် တည်ထောင်

စင်ကာပူနိုင်ငံသည် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ဉာဏ်ရည်တု (AI) နည်းပညာများ၏ လက်တွေ့အသုံးချမှုကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ စင်ကာပူသိပ္ပံ၊ နည်းပညာနှင့် သုတေသနအေဂျင်စီ (ASTAR) က AI နှင့် အဆင့်မြင့်ကွန်ပျူတာတွက်ချက်မှုနည်းပညာများကို အဓိကထား သုတေသနပြုမည့် အဖွဲ့အစည်းသစ်တစ်ခုကို တည်ထောင်လိုက်ကြောင်း သိရသည်။
ASTAR Institute of Advanced Intelligence and Computing ဟု အမည်ပေးထားသည့် အဆိုပါအဖွဲ့အစည်းသည် AI၊ ဒေတာသိပ္ပံ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ မော်ဒယ်တည်ဆောက်ခြင်းနှင့် ပုံတူပြုလုပ်စမ်းသပ်ခြင်း (Modeling and Simulation)၊ ကွမ်တမ်နည်းပညာနှင့် စွမ်းဆောင်ရည်မြင့် ကွန်ပျူတာစနစ် (High-Performance Computing) ဆိုင်ရာ သုတေသနစွမ်းရည်များကို အဖွဲ့အစည်းတစ်ခုတည်းအောက်တွင် စုစည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ASTAR ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သုတေသနအဖွဲ့အစည်းသစ်သည် သုတေသန၊ စက်မှုနှင့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများတွင် AI နှင့် ဒစ်ဂျစ်တယ်နည်းပညာအခြေပြု ဖြေရှင်းချက်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လက်တွေ့အသုံးချမှုများ တိုးချဲ့နိုင်ရေးကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သုတေသနရလဒ်များကို စီးပွားရေးလုပ်ငန်းများနှင့် လက်တွေ့အသုံးချနိုင်သည့် နယ်ပယ်များသို့ ထိရောက်စွာ လွှဲပြောင်းအသုံးချနိုင်ရေးကိုလည်း ပိုမိုအားကောင်းလာစေရန် ရည်ရွယ်ထားကြောင်း ASTAR က ပြောကြားခဲ့သည်။

image