ဆယ်ကျော်သက်တစ်ဦး ဒဏ်ရာရရှိသွားစေခဲ့တဲ့ ခွေးကိုက်မှုကြောင့် ထောင်ဒဏ်ချမှတ်ခံလာရဖို့ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်စတား
======================
ရီးရဲလ်မက်ဒရစ်စတားဖာလန်းမန်ဒီဟာ သူ့ခွေးများက ဆယ်ကျော်သက်တစ်ဦး ဒဏ်ရာရရှိသွားစေတဲ့ ကိုက်ခဲ့မှုအတွက် ထောင်ဒဏ်ချမှတ်ခြင်းခံရမဲ့အရေးနှင့် ရင်ဆိုင်နေရပါတယ်။
ပြင်သစ်လက်ရွေးစင် မွေးထားတဲ့ ခွေးများက အခြားလူရဲ့ ခွေး ၂ ကောင်နှင့်ကိုက်ခဲ့ရာတွင် လူတစ်ဦးပါ ဒဏ်ရာရရှိလာတာလည်း ဖြစ်ပါတယ်။ သူဟာ ယင်းအဖြစ်အပျက်အတွက် ပြင်းထန်တဲ့ ဒဏ်ရိုက်ခြင်းလည်း ခံလာရနိုင်ပါတယ်။
ဘယ်နောက်ခံလူမန်ဒီဟာ ၂၀၁၉ ခုနှစ်တွင် လိုင်ယွန်မှ ပြောင်းလာပြီးနောက် ရီးရဲလ်မက်ဒရစ်နှင့်အတူ လာလီဂါဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ ကြိမ် ရယူထားနိုင်သူလည်း ဖြစ်ပါတယ်။
အသက် ၃၁ နှစ်ရှိ မန်ဒီဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက အထက်ပါ အမှုနှင့် ရင်ဆိုင်လာရတာပါ။
ထိုစဉ်တုန်းက အသက် ၁၇ နှစ်အရွယ်ရှိ လူတစ်ဦးက မန်ဒီရဲ့ခွေးများထဲမှ တစ်ကောင်က သူ့ဘယ်ခြေထောက်ကို ကိုက်ခဲ့ကြောင်း စွပ်စွဲထားကာ သူ့ရဲ့ရှေ့နေများက ခွေးပိုင်ရှင်မန်ဒီကို ထောင်ဒဏ် ၆ လချမှတ်ရန် တောင်းဆိုထားပါတယ်။
ဒါ့အပြင် အစိုးရရှေ့နေများကလည်း ပဲရစ်ဖွားကစားသမားကို စုစုပေါင်း ယူရို ၂၅၀၀၀ ဒဏ်ရိုက်ရန်လည်း တောင်းဆိုထားပါသေးတယ်။
မန်ဒီရဲ့အမှု ကြားနာမှုကို မက်ဒရစ်ရှိ တရားရုံးနံပါတ် ၂၆ တွင် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဘယ်တော့ ဆုံးဖြတ်ချက်ချလာမလဲ မသိရသေးပါဘူး။
မန်ဒီရဲ့ခွေး ၄ ကောင်တို့ဟာ နေအိမ်ဂိတ်တံခါးပွင့်နေချိန်တွင် အိမ်အပြင်သို့ ထွက်ပြေးခဲ့ကြပြီး တစ်ကောင်က အမျိုးသမီးတစ်ဦးရဲ့ ခွေးပုလေးအား ကိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။
ယင်းနောက် ခွေးဖြင့် လမ်းလျှောက်ထွက်လာတဲ့ အသက် ၁၇ နှစ်ရှိ လူငယ်လေးမှာလည်း အမျိုးသမီးအား အကူအညီပေးရန် ကြိုးပမ်းစဉ် ခွေးကိုက်ဒဏ်ရာများ ရရှိလာခဲ့တာလည်း ဖြစ်ပါတယ်။