ဂျိမ်းစ်ဘွန်းမင်းသားဖြစ်လိုကြောင်း အင်္ဂလန်စတားဘယ်လင်ဂမ်ဖွင့်ဟလာ
=====================
ဂျူ့ဘယ်လင်ဂမ်က ဂျိမ်းစ်ဘွန်းမင်းသားသစ် ဖြစ်လိုကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
ဂျူ့ဘယ်လင်ဂမ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းရဲ့ အရေးပါတဲ့ ကစားသမားအဖြစ် ခြေစွမ်းပြကစားနေပြီး Mr. England အဖြစ် တင်စားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။
ဂျိမ်းစ်ကော်ဒန်ရဲ့ FOX TV အစီအစဉ်တွင် ဘယ်လင်ဂမ်က ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားတွင် ပါဝင်သရုပ်ဆောင်လိုကြောင်း ဖွင့်ဟလာတာလည်း ဖြစ်ပါတယ်။
ဘယ်လင်ဂမ်က "ရုပ်ရှင်တစ်ကားမှာ ပါဝင်လိုတယ်။ ဘယ်ရုပ်ရှင်လဲ သိလား။ ဂျိမ်းစ်ဘွန်းရုပ်ရှင်မှာ ပါဝင်ချင်တာ။ ဂျိမ်းစ်ဘွန်းကို သဘောကျတယ်။ ကားတိုင်း ကြည့်ဖြစ်တယ်။ အရန်ပဲ ဖြစ်ဖြစ်၊ ဖြတ်လျှောက်ပဲ ဖြစ်ဖြစ် ပါဝင်လိုတယ်"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်စူပါစတားဟာ ဂျိမ်းစ်ဘွန်းဇာတ်ကောင်ရဲ့ “The name’s Bond, James Bond” ဆိုတဲ့ စကားလုံးကိုလည်း ပြောဆို သရုပ်ဆောင်ခဲ့သလို ၁၉၉၂ ခုနှစ် A Few Good Men ဇာတ်ကားမှ ဂျက်နီကိုဆင်ရဲ့ “You can’t handle the truth” စကားပြောခန်းကိုလည်း သရုပ်ဆောင်ပြခဲ့ပါသေးတယ်။
ဘယ်လင်ဂမ်ရဲ့ အင်္ဂလန်အသင်းဟာ အင်္ဂါနေ့မှာ ကမ္ဘာဖ့လား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ဒီမိုကရက်တစ်ကွန်ဂိုနှင့်ရင်ဆိုင်ကစားရပါမယ်။