ပါရာဂွေးကို ပင်နယ်တီဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရပြီးနောက် ဂျာမနီနည်းပြရာထူးမှ နာဂျယ်မန်း ထုတ်ပယ်ခံလာရဖို့ ရှိနေ
======================
ဂျူလီယန်နာဂျယ်မန်းဟာ ပါရာဂွေးအား ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ကမ္ဘာဖလား ၃၂ သင်း ရှုံးထွက်အဆင့်မှ ထွက်ခွာခဲ့ရပြီးနောက် ဂျာမနီနည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံလာရဖို့ ရှိနေပါတယ်။
ဂျာမနီဟာ ယနေ့အစောပိုင်းတုန်းက တောင်အမေရိကပြိုင်ဘက်အသင်းအား ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
နာဂျယ်မန်းဟာ ဂျာမနီအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှ စောစောစီးစီး ထွက်ခွာလာရမှုနှင့်အတူ အနာဂတ် မရေမရာ ဖြစ်လာပါတယ်။
တဖက်တွင် ဂျာမနီပရိသတ်များကလည်း နာဂျယ်မန်းအား ရာထူးမှ ထုတ်ပယ်ကာ လီဗာပူးနှင့် ဒေါ့မွန်နည်းပြဟောင်းဂျာဂင်ကလော့ပ်အား ခန့်အပ်ရေး တောင်းဆိုနေကြပါတယ်။
လက်ရှိအချိန်တွင် ဘွတ်ကီဒိုင်များက ဂျာမနီနည်းပြသစ် ဖြစ်လာမဲ့သူအဖြစ် ဂျာဂင်ကလော့ပ်အား 5/4 အထိ လောင်းကြေးဖွင့်ထားကာ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
နာဂျယ်မန်းဟာ ၂၀၂၃ ခုနှစ်တွင် ဂျာမနီအသင်းကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ကွာတားဖိုင်နယ်မှာ စပိန်ကို ရှုံးနိမ့်ကာ ထွက်ခဲ့ရပြီးနောက် ထုတ်ပယ်ရေး တောင်းဆိုခြင်းခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။
တဖက်တွင် ပါရာဂွေးအား ရှုံးနိမ့်တဲ့ပွဲအပြီးတွင် နာဂျယ်မန်းက ဂျာမနီနည်းပြရာထူးမှ နုတ်ထွက်သွားမည်မဟုတ်ကြောင်း ဆိုထားပါတယ်။
၎င်းက "ဒီအလုပ်ကို ဆက်ပြီးတော့ လုပ်သွားချင်တယ်။ ပါရာဂွေးကို ရှုံးပြီး ထွက်ခွာခဲ့ရတယ်ဆိုတော့ ပထမတန်းစားဘောလုံးအသင်း မဟုတ်တော့ပါဘူး။ ကျွန်တော်တို့ အနိုင်ရအောင် မလုပ်နိုင်ခဲ့ဘူး"လို့ ပြောကြားသွားပါတယ်။
ဂျာမနီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပင်နယ်တီအဆုံးအဖြတ်မှာ ပထမဆုံးအကြိမ်အဖြစ် အရေးနိမ့်လာခဲ့တာလည်း ဖြစ်ပါတယ်။