ဖခင်နာရေးကြောင့် ခရိုအေးရှားနှင့် ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီ ပေါ်တူဂီလေ့ကျင့်ရေးစခန်းမှ လက်ထောက်နည်းပြကာဗယ်ဟို ထွက်ခွာ
===================
ပေါ်တူဂီအသင်းလက်ထောက်နည်းပြရီကာဒိုကာဗယ်ဟိုဟာ ဖခင်ဖြစ်သူ ကွယ်လွန်သွားမှုကြောင့် ခရိုအေးရှားနှင့် ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မတိုင်မီ ပေါ်တူဂီရဲ့ကမ္ဘာ့ဖလားလေ့ကျင့်ရေးစခန်းမှ ထွက်ခွာလာခဲ့ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင်ခရစ္စတီယာနိုရော်နယ်ဒို၊ နည်းပြရောဘတ်တိုမာတီနက်ဇ်အပါအဝင် အသင်းသားတို့ဟာ ကာဗယ်ဟို မထွက်ခွာမီ နှစ်သိမ့်မှုများပြုလုပ်ပေးခဲ့ကြပါတယ်။
အသက် ၄၈ နှစ်ရှိ ကာဗယ်ဟိုဟာ ပေါ်တူဂီအသင်းနှင့်အတူ ဖလိုရီဒါရှိ လေ့ကျင့်ရေးစခန်းတွင် ရှိနေစဉ် ဖခင်နာရေးသတင်းကို ကြားသိခဲ့ရတာပါ။
ကာဗယ်ဟိုရဲ့ဖခင် မန်နူရယ်ရီဘိုင်ရိုဟာ အသက် ၆၉ နှစ် အရွယ်မှာပဲ ကွယ်လွန်သွားရှာခဲ့တာပါ။
ပေါ်တူဂီအသင်းသားတို့ဟာ လေ့ကျင့်ရေးကွင်းတွင် တစ်ဦးနှင့်တစ်ဦး ဖက်ပြီး စက်ဝိုင်းပုံသဏ္ဍပြုလုပ်ကာ ကာဗယ်ဟိုရဲ့ဖခင်အတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါတယ်။
ချဲလ်ဆီးနှင့် ရီးရဲလ်မက်ဒရစ်နောက်ခံလူဟောင်းကာဗယ်ဟိုဟာ ၂၀၂၃ ခုနှစ်ကတည်းက ရောဘတ်တိုမာတီနက်ဇ်ရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်လာသူလည်း ဖြစ်ပါတယ်။
ပေါ်တူဂီအတွက် ၈၉ ပွဲကစားခဲ့တဲ့ ကာဗယ်ဟိုဟာ ပေါ်တို၊ မိုနာကိုတို့တွင်လည်း ကစားခဲ့ကာ တရုတ်တွင် ကစားသမားဘဝ ကုန်ဆုံးခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ယခင်တုန်းက မာဆေးတွင် အင်ဒရေဗီလက်စ်ဘိုအာ့စ်ရဲ့ လက်ထောက်နည်းပြအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးပါတယ်။
ပေါ်တူဂီဟာ ကြာသပတေးနေ့ညတွင် ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် တိုရွန်တိုတွင် ခရိုအေးရှားနှင့် ကစားရပါမယ်။