ဟိုတယ်တစ်ခုတွင် အမျိုးသမီးတစ်ဦးကို ဗလက္ကာယပြုကျင့်မှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံနေရတဲ့ ကိတ်ဗာဒီအသင်းခေါင်းဆောင်
====================
ကိတ်ဗာဒီအသင်းခေါင်းဆောင်ဟာ နယူးဇီလန်ဟိုတယ်တစ်ခုတွင် ဗလက္ကာယပြုကျင့်မှုတစ်ခုအတွက် စုံစမ်းစစ်ဆေးခြင်းခံနေရကြောင်း သိရပါတယ်။
အသက် ၃၆ နှစ်ရှိ ရိုင်ယန်မန်ဒက်စ်ဟာ ဧပြီလတုန်းက နယူးဇီလန်နိုင်ငံ၊ အော့ကလန်သို့ ခြေစမ်းပွဲတစ်ပွဲကစားရန် ရောက်ရှိနေစဉ် ဘရာဇီးလူမျိုးအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ပြုလုပ်ခဲ့ကြောင်း စွပ်စွဲခြင်းခံထားရပါတယ်။
ကိတ်ဗာဒီကို ကမ္ဘာ့ဖလား ၃၂ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်အောင် ကူညီထားတဲ့ မန်ဒက်စ်ဟာ ယင်းအမှုအတွက် ဧပြီလကတည်းက စုံစမ်းစစ်ဆေးမှုများ ခံလာခဲ့ရတာလည်း ဖြစ်ပါတယ်။
နယူးဇီလန်ရဲတပ်ဖွဲ့ဟာ ယင်းအမျိုးသမီးရဲ့ ဒဏ်ရာမှတ်တမ်းဓာတ်ပုံများကို ရယူထားသလို ဗလက္ကာယပြုကျင့်ခံရပြီးနောက် ဆေးခန်းတစ်ခုသို့ ခေါ်ဆောင်ကာ ဓာတ်ခွဲစစ်ဆေးမှုများလည်း ပြုလုပ်ထားကြောင်း သိရပါတယ်။
ယင်းအမျိုးသမီးမှာ ကိတ်ဗာဒီအသင်းအတွက် နယူးဇီလန်ဘောလုံးအဖွဲ့ချုပ်တွင် စကားပြန်အဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
ယင်းဖြစ်စဉ်မှာ မတ်လ ၂၇ ရက်နေ့တုန်းက ကိတ်ဗာဒီအသင်းက နိုင်ငံတကာခြေစမ်းပွဲ ၂ ပွဲကစားရန် နယူးဇီလန်သို့ ရောက်ရှိနေစဉ် ဖြစ်ပျက်ခဲ့တာလည်း ဖြစ်ပါတယ်။
ကိတ်ဗာဒီက ချီလီကို ၄-၂ ဖြင့် ရှုံးနိမ့်တဲ့ ယင်းပွဲနေ့တွင် ဗလက္ကာယမှု ဖြစ်ပျက်ခဲ့တာ ဖြစ်ပြီး နောက်သုံးရက်အကြာတွင် နယူးဇီလန်နှင့် သရေကျပြီး ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရခဲ့ပါတယ်။
တရားလိုရဲ့ ရဲစခန်းတွင် ထွက်ဆိုထားမှုအရ သူမဟာ ကိတ်ဗာဒီအသင်းတည်းခိုရာဟိုတယ်တွင် ပြုလုပ်မဲ့ တွေ့ဆုံပွဲတစ်ခုသို့ ဖိတ်ကြားခြင်းခံခဲ့ရကြောင်း၊ သူမအနေဖြင့် စကားပြန်အဖြစ် ပြုလုပ်ပေးရမယ်လို့ ယူဆခဲ့ကြောင်း ဆိုထားပါတယ်။
ဒါပေမဲ့ တကယ်တမ်း ရောက်သွားချိန်တွင် လူမှုရေးစုဝေးပွဲဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။
ယင်းမှ ချက်ချင်းပင် သူမအခန်းသို့ ပြန်လာချိန်တွင် မသက်မသာ ခံစားလာခဲ့ရကြောင်း၊ တံခါးခေါက်သံကြား၍ သွားဖွင့်ကြည့်ချိန်တွင် မန်ဒက်စ်ကို တွေ့ရကြောင်း ဆိုထားပါတယ်။
ယင်းနောက် မန်ဒက်စ်က အခန်းထဲသို့ အတင်းဝင်ရောက်ကာ သူမကို ဗလက္ကာယပြုကျင့်ခဲ့ကြောင်း ဆိုထားပါတယ်။
ဒါ့အပြင် သူမက ထွက်ပြေးရန် ကြိုးပမ်းချိန်တွင် မန်ဒက်စ်က သူမအား ချုပ်ခြင်း၊ ထိုးခြင်း၊ ကိုက်ခြင်းတို့လည်း ပြုလုပ်ခဲ့ကြောင်း ဆိုထားပါတယ်။